စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ ဇန်နဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံရတာကြောင့် သေဆုံးဒဏ်ရာရရှိသူ အများအပြားရှိနိုင်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
People's Guerillas Commando (မြင်းမူ) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဘီရွန်က “၂ ရက် နေ့က ဘုတလင်မြို့နယ်ထဲက လက်ပံကျေးရွာကိုဝင်လာတဲ့ အင်အား ၁၀၀ လောက်ကို မိုင်းဆွဲလိုက်လို့ အနည်းဆုံး ၈ ကောင် သေတယ်။ နောက်ထပ် ရှော့ဒုံးတွေနဲ့ပစ်လိုက်လို့ ၃ ကောင်ထက်မနည်း သေဆုံးပြီး ၁၀ ကောင် လောက်ဒဏ်ရာရသွားတယ်။ ခင်မွန်ဘက်စုံခွေးခြံထဲကို ရှော့ဒုံး ၃ လုံးနဲ့ထုခဲ့သေးတယ်ဗျ။ အထိအခိုက်တော့မသိရဘူး” လို့ ပြောပါတယ်။
ဇန်နဝါရီ ၃ ရက်နေ့မှာ ဘုတလင်မြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ရှော့ဒုံးတွေနဲ့ ထပ်မံပစ်ခက်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာခဲ့ရတာကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို မသိရသေးဘူးလို့ ဆက်လက်ပြောပြပါတယ်။
စစ်ဆင်ရေးတွေကိုလုပ်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၇ ဖွဲ့က PDF ရဲဘော်တွေကတော့ အထိခိုက်အကျဆုံးမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိကြတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကနေ သတင်းထုတ်ပြန်ထားတာမရှိသလို အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း မုံရွာမြို့အခြေစိုက်စစ်ကောင်စီရဲ့ အမှတ် ၁၆ ခြေလျင်တပ်ရင်းကို ဒုံး ၂ လုံးနဲ့ပစ်ခတ်တိုက်ခိုက်တာခံရလို့ တပ်တွင်းကအဆောက်အဦအချို့ ထိခိုက်ပျက်ဆီးတာတွေရှိတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။