DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် စက်လှေနစ်မြုပ်ပြီး ဆရာမ ၁ ဦးသေဆုံး၊ ၈ ဦးပျောက်နေ
DVB
·
August 1, 2026
Photo : APM၊ MOI
Photo : APM၊ MOI
Donate to DVB

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ ဇူလိုင် ၃၁ ရက်နေ့က ခရီးသည်တင် စက်လှေတစင်း နစ်မြုပ်ခဲ့လို့ ဆရာမတယောက် သေဆုံးပြီး ပညာရေးဝန်ထမ်းတွေ အပါအဝင် ၈ ယောက် ပျောက်နေတယ်လို့ တောင်ကုတ်ဒေသခံတွေဆီက သိရပါတယ်။

တောင်ကုတ်မြို့နယ် ပန်းတင်ကျွန်းကနေ  ဖောင်းခါးကျွန်းက ကလိန်တောင်ကျေးရွာကို ပြေးဆွဲ နေတဲ့ ခရီးသည်တင်စက်လှေဟာ ဇူလိုင် ၃၁ ရက် ညနေ ၄ နာရီလောက်က လမ်းခုလတ်မှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။

တောင်ကုတ်မြို့ခံ အမျိုးသားတယောက်က “လကုန်ရက်ဆိုတော့ ပညာရေးဝန်ထမ်းတွေ အများကြီးပါတယ်။ စက်လှေပေါ်မှာ လိုက်ပါတဲ့ ၁၃ ဦးအထဲမှာ ၄ ဦးကို အသက်ရှင် ကယ်ဆယ်ထားနိုင်ပြီးတော့ ဆရာမတဦးကတော့ အလောင်းရတယ်လို့ သိရတယ်။ နောက်ထပ် ၈ ဦးက‌တော့ ပျောက်နေတုန်းပဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဒေသအာဏာပိုင်၊ ဒေသခံ တွေ ပူးပေါင်းလုပ်နေကြတာရှိတယ်”

ပညာရေးဝန်ထမ်းတွေဟာ လပတ်အစည်းအဝေးနဲ့ လစာလာထုတ်ကြတာဖြစ်ပြီး အခု စက်လှေ နစ်မြုပ်ခဲ့တဲ့ ဖောင်ခါးကျွန်းဟာ ပင်လယ်ထွက်ဝဖြစ်တာကြောင့် ရေစီးသန်ပြီး လှိုင်းကြမ်းတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိရရှိထားတဲ့ အချက်အလက်တွေအရ ဖောင်းခါးကျောင်းမှာ တာဝန်ကျနေတဲ့ ဆရာမ တယောက် သေဆုံးခဲ့ပြီး နောက်ထပ် ဆရာမ ၂ ယောက်နဲ့ ဆရာ ၄ ယောက်၊ ကျောင်းသား ၁ ယောက်အပါအဝင် ၈ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

အမျိုးသား ၆ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပျောက်ဆုံးနေတာဖြစ်ပြီး ရှာဖွေ ကယ်ဆယ်ရေး ကိုလည်း အပူတပြင်း လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရသေ့တောင်မြို့နယ်ကနေ ကျောက်တော်မြို့နယ်ကို ဈေးလာ ဝယ်တဲ့ ခရီးသည်တင် စက်လှေတစင်း ပုဏ္ဏားကျွန်းမြို့အနီးမှာ နစ်မြုပ်ခဲ့လို့ ခရီးသည် ၁၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် မိုးတွင်းရာသီမှာ ရေကြီးသန်ပြီး လှိုင်ကြီး တတ်တာကြောင့် ခရီးသွားစက်လှေတွေ မကြာခဏတိမ်းမှောက် သေဆုံးမှုတွေရှိပြီး ခရီးသည်တင် စက်လှေတွေမှာ အသက်ကယ်အင်္ကျီတွေ တပ်ဆင်ကြဖို့ကိုလည်း အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက ထုတ်ပြန်ထားတာတွေရှိပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013