DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ မကြုံစဖူး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရ
DVB
·
January 3, 2022
မြန်မာနိုင်ငံတွင် ကဏ္ဍပေါင်းစုံ မကြုံစဖူး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရ
Donate to DVB

မြန်မာနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ နိုင်ငံရေး၊ လူမှုစီးပွားရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုကဏ္ဍတွေမှာ မကြုံစဖူး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အစီရင်ခံစာမှာ ကုလသမဂ္ဂက နှိုးဆော် ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ သိသိသာသာ ဆိုးလာနေပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုကလည်း ပြင်းထန်ပါတယ်။ 

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၅ ခုမှာ ၁၄ ခုဟာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှုအတွက် အရေးကြီးတဲ့ သတ်မှတ်ချက်ဘောင်အတွင်းမှာ ရှိနေကြောင်း အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။

၂၀၂၂ ခုနှစ်အတွက်ခန့်မှန်းချက်အရ အမျိုးသား ၆ ဒသမ ၉ သန်း၊ အမျိုးသမီး ၇ ဒသမ ၅ သန်းနဲ့ ကလေး ၅ သန်း အပါအဝင် လူပေါင်း ၁၄ ဒသမ ၄ သန်းဟာ တချို့သော အကူအညီပုံစံမျိုးတွေ လိုအပ်မယ်လို့ အကြံပြုထားပါတယ်။

စျေးနှုန်းကြီးမြင့်ခြင်းတွေ၊ ကိုဗစ်-၁၉ နဲ့ ဆက်စပ်ကန့်သတ်ချက်တွေအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ မလုံခြုံမှုတွေ အပါအဝင် ဒီဆိုးရွားလှတဲ့အခြေအနေဆီ တွန်းပို့နေတဲ့ အကြောင်းရင်းများစွာ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ လူနေရပ်ကွက်မရှောင် ပစ်ခတ်မှုတွေလုပ်ပြီး လူထောင်ပေါင်းများစွာကိုလည်း မသမာတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးပြီး ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကိုလည်း စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခဲ့တာပါ။

ဒါ့အပြင် ရာဇ၀တ်မှုမြင့်တက်လာခြင်း၊ ပစ်မှတ်ထား သတ်ဖြတ်ခြင်းနဲ့ အမည်မသိသူတွေရဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အသုံးပြုခြင်းတို့က မလုံခြုံမှုကို ပိုမိုဆိုးရွားစေတယ်လို့လဲ ဆိုပါတယ်။ 

လုံခြုံရေးအခြေအနေနဲ့ စီးပွားရေးအကျပ်အတည်းဟာ မြန်မာနိုင်ငံရှိ ပြည်သူတွေရဲ့ ကျန်းမာရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိပြီး အဲဒီအထဲမှာ အမျိုးသမီးများ၊ ကလေးများနဲ့ မသန်စွမ်းသူတွေမှာ အထူးအန္တရာယ်ရှိနေတာပါ။

အစီရင်ခံစာသစ်တစ်ခုအရ ဒီစီးပွားရေးနဲ့ အကာအကွယ်ပေးရေး အကျပ်အတည်းကြားမှာ အမျိုးသမီးများ၊ ကလေးများနဲ့ မသန်စွမ်းသူတွေဟာ အထူးသဖြင့် ထိခိုက်လွယ်ကြပြီး ကျား၊ မ အခြေပြု အကြမ်းဖက်မှု အပါအဝင် အမြတ်ထုတ်ခြင်းနဲ့ အလွဲသုံးစားပြုမှု အန္တရာယ်တွေကို ဖော်ထုတ်သိရှိရပါတယ်။ 

ဒါ့အပြင် တိုးမြင့်လာတဲ့ ရွှေ့ပြောင်းသွားလာမှုတွေနဲ့ မလုံခြုံတဲ့ စစ်ဘေးရှောင် ပြောင်းရွှေ့နေထိုင်ရမှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ မြင့်တက်နေပြီဖြစ်တဲ့ လူကုန်ကူးမှုအန္တရာယ်နဲ့ ဖြစ်ပွားမှုတွေကလည်း ၂၀၂၂ ခုနှစ်မှာ ပိုမိုကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ 

ပဋိပက္ခဒဏ်ခံရတဲ့ ဒေသတွေမှာ ကလေးသူငယ်တွေ အပါအဝင် လူမှုအသိုင်းအဝိုင်းတခုလုံး အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။

ကလေးတွေဟာ သတ်ဖြတ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရမှု၊ လူကုန်ကူးမှု၊ လူသစ်စုဆောင်းပြီး လက်နက်ကိုင်ပဋိပက္ခတွေမှာ အသုံးပြုမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မတရားဖမ်းဆီးမှု၊ ဆယ်ကျော်သက် မိန်းကလေးနဲ့ ယောက်ျားလေးတွေကို ဥပဒေမဲ့ ဖမ်းဆီးခြင်းတွေ အပါအဝင် ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ အကြမ်းဖက်မှုပုံစံအားလုံးမှာ အထူးအန္တရာယ်ရှိနေတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူပေါင်း ၂၂၃,၀၀၀ ကျော်ဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မငြိမ်မသက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး လူပြည့်ကျပ်နေတဲ့ စစ်ဘေးရှောင်နေရာတွေမှာ နေနေရဆဲ ဖြစ်ပြီး ဆိုးရွားတဲ့ အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ လူဦးရေ ၃၉,၀၀၀ ခန့်၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီတို့မှ လူဦးရေ ၁၅၄,၈၀၀ ခန့်နဲ့ ချင်းပြည်နယ်မှ ၂၃,၀၀၀ ခန့်တို့ ပါဝင်နေပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ အထောက်အထား စာရွက်စာတမ်းများ မရသေးဘဲ ဖြစ်နေပြီး သွားလာရေး ကန့်သတ်ချက်များ ရှိနေတာကြောင့် မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေရရှိဖို့ ခက်ခဲနေပြီး ကန့်သတ်ခံနေရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်နေပြီး မြန်မာနိုင်ငံရှိ ပြည်သူတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

ဒါပေမဲ့လည်း တချိန်တည်းမှာပင် မြန်မာဒုက္ခသည် ၁ သန်း နီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူပြည့်ကျပ်နေတဲ့စခန်းတွေမှာ နေထိုင်နေရဆဲဖြစ်ပြီး သူတို့အတွက် ရေရှည်ဖြေရှင်းချက် မရှိသေးတာကိုလည်း မေ့ထားလို့မရဘူးလို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013