DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ အကျပ်အတည်းကြောင့် တနိုင်တပိုင် စားသောက်ကုန်လုပ်ငန်းအချို့ ရပ်နားထားရ
DVB
·
September 27, 2026
Photo : DVB
Photo : DVB
Donate to DVB

စားအုန်းဆီခွဲတမ်း မရတဲ့အပြင် ပြင်ပမှောင်ခိုမှာလည်း ဝယ်ယူရခက်ခဲပြီး ဈေးအဆမတန် ကြီးတာကြောင့် တနိုင်တပိုင် စားသောက်ကုန်လုပ်ငန်းတချို့ ရပ်နားထားရတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

အရင်ကတော့ စက်မှုလုပ်ငန်းတွေနဲ့ ကုန်စည်ထုတ်လုပ်မှုတွေအတွက် လုပ်ငန်းသုံးဆီတွေကို စားသုံးသူရေးရာဦးစီးဌာရဲ့ ကြီးကြပ်မှုနဲ့ လုပ်ငန်းတခုကို ပိဿာ ၂၀ အထိ သတ်မှတ်ပြီး သက်သာတဲ့ဈေးနဲ့ ခွဲတမ်းစနစ်အတိုင်း ရောင်းချပေးခဲ့ပေမဲ့ အခုတော့ ထက်ဝက်အထိ လျှော့ချပြီး ၁၀ ပိဿာအထိပဲ ပေးတော့တာပါ။

အာလူးကြော်လုပ်ငန်း လုပ်ကိုင်နေသူတယောက်က “ဦးလေးတို့က တနေ့ကို ဆီ ၇ ပိဿာ သုံးရတယ်။ အာလူးကြော်တာဆိုတော့ ဆီက နိုင်နိုင်သုံးရတယ်။ အရင်က ပိဿာ ၂၀ ကျော်ထိ ထုတ်လို့ရခဲ့တာ။ အခုကျတော့ ၁၀ ပိဿာပဲရတယ်။ အဲဒါတောင် မရတဲ့လ မရတော့ အပြင်က ဝယ်ရတယ်။ ဈေးက အများဈေးဆိုတော့ တပိဿာကို ၁၅,၀၀၀ ပေးရတယ်။ ပြသနာက အဲက ဝယ်တဲ့ဆီတွေက အချိန်အတွယ် မပြည့်ပြန်ဘူး။ မပြည့်တဲ့အပြင် နောက်ပိုင်းမှာ မှောင်ခိုမှာပါ ဝယ်မရ၊ စာအုပ်နဲ့လုပ်ငန်းလိုင်စင်နဲ့ ထုတ်တော့လည်း သူတို့က မထုတ်ပေးနိုင်။ အဲဒီတော့ တချို့ရက်တွေဆို မကြော်ရဘူး၊ ဆိုင်ပိတ်ထားရတယ်။ ဆီရမှ ပြန်ကြော်ဆိုတော့ ဖောက်သည်ပျက်တယ်။ ဆိုင်တွေကိုလည်း လိုက်မပို့နိုင်တော့ဘူး၊ အဲဒီလိုဖြစ်နေတယ်” လို့ ပြောပါတယ်။

စားအုန်းဆီခွဲတမ်းဟာ ဇူလိုင်လကစလို့ နည်းလာခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းအတွင်း စားသုံးဆီ ကိုယ်စားလှယ်တွေမှာလည်း ဆီခွဲတမ်းနည်းတဲ့အတွက် တအိမ်ထောင်ကို စားသုံးဆီ ၂၅ ကျပ်သားပဲ ရောင်းချပေးနေရပါတယ်။

မြို့နယ်အလိုက် ဆီရရှိမှုက တအိမ်ထောင်ကို အနည်းဆုံး ၂၅ ကျပ်သားကနေ ကျပ် ၅၀ သားထိ ရရှိတဲ့ပုံစံ မတူညီကြတဲ့အပြင် ပြင်ပမှောင်ခိုဈေးကလည်း အနည်းဆုံး ကျပ် ၁၅,၀၀၀ ကနေ ကျပ် ၁၈,၀၀၀ ဝန်းကျင်ကြားမှာရှိနေပြီး လိုသလောက်မရတဲ့ ပြဿနာဖြစ်နေတယ်လို့ သုံးစွဲသူတွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းက စားသောက်ကုန်လုပ်ငန်းရှင်တယောက်က “ကျနော်တို့က တလကို နှစ်ခါထုတ်‌ရတယ်၊ တခါထုတ်ရင် တပိဿာနှစ်ဆယ်ရတယ်၊ ဒါ အိမ်သုံးပြောတာနော်။ ရပ်ကွက်တခုနဲ့တခု ကိုယ်စားလှယ်တွေရဲ့ ဆီရတဲ့ခွဲတမ်းပေါ် မူတည်ပြီး ရတာမတူဘူး။ လုပ်ငန်းရှင်ကျတော့ ခွဲတမ်းပိုရတယ်၊ လုပ်ငန်းလိုအပ်ချက်အရပေါ့ အဲဒါက အရင်ကနော်။ အခုကျတော့ လုံးဝကို လျော့သွားတော့ မလောက်ငတော့ဘူး၊ လိုတာကို အပြင်ကနေ မှောင်ခိုနဲ့ ဝယ်တော့ ဈေးက အရမ်းကွာဟလာတယ်။ ကန့်သတ်ချက်များတော့ ဆီက ရှားလာတယ်၊ ရှားလာတော့ ဈေးကတက်သွားရော အဲ့သဘောဖြစ်နေတာ။ အဲ့တော့ ရပ်တဲ့အလုပ်တွေရပ်၊ နားတဲ့သူကနား အဲ့ လိုဖြစ်လာတာ” လို့ ပြောပါတယ်။

စစ်အာဏာရှင် လက်အောက်ခံ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီရဲ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်ကနေ အောက်တိုဘာလ ၁ ရက်အထိ လက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တပိဿာကို ၇,၁၇၉ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး မြေပြင်မှာတော့ နှစ်ဆကျော် ဈေးမြင့်တက်နေတာပါ။

ပြည်ပကနေ စားအုန်းဆီ တင်သွင်းမှုကို ၆ ရာခိုင်နူန်းလောက် လျှော့ချတင်သွင်းလိုက်တာကြောင့် ပြည်တွင်းစားဆီစျေးကွက်မှာ အစိုးရထုတ်စျေးနဲ့ စားအုန်းဆီ ခွဲတမ်းပေးမှုကလည်း လျော့ကျသွားတာလို့ သိရပါတယ်။

စစ်အာဏာရှင်အစိုးရက စားအုန်းဆီကို ပြည်ပကနေ တင်သွင်းမှုလျှော့ချလိုက်လို့ အခုလို ပြည်တွင်းမှာ ခွဲတမ်းရရှိမှုတွေ နည်းပါးလာခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းရဲ့ အဓိကက ရည်ရွယ်ချက်က နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချခြင်တာလို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013