DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ဘေးရှောင်ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်က ခိုးယူ
DVB
·
January 1, 2022
မြဝတီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ဘေးရှောင်ပြည်သူပိုင်ပစ္စည်းများကို စစ်တပ်က ခိုးယူ
1 / 5
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၉ မိုင်လောက်အကွာ  ဖလူးကြီးနဲ့ ရသေ့ဂူရွာ အကြားမှာ  ဇန်နဝါရီ  ၁ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအန်ယူ လက်အောက်ခံ  KNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီမနက် ၆ နာရီလောက်က ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ရသေ့ဂူကျေးရွာဘက်ကို   စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့သလို ရသေ့ဂူကုန်းနဲ့ စစ်ကောင်စီရဲ့ အမြောက်( စွယ်တော်)ကုန်းကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ရသေ့ဂူကျေးရွာသားတစ်ဦးက”ဒီမနက် အစောစောကြီးမှာ စကစဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာကလူတွေ လက်နက်ကြီးစပစ်ကတည်းက ကြောက်ပြီး ထွက်ပြေးကုန်ပြီ။ ရွာနားမှာ ထပ်ပြီးတိုက်ပွဲတွေဖြစ်နေတော့  ဘယ်သူနေရဲတော့မလဲ”လို့ ဆိုပါတယ်။ 

ဒီဇင်ဘာ ၂၉ ရက်ကစတင်ပြီး စစ်ကောင်စီရဲ့ တပ်တွေက မြဝတီမြို့အနီး ပြည်သူ့စစ်ကုန်း၊ ကျောက်ဂူဘုရားတောင်စခန်း၊ စွယ်တော်အမြောက်ကုန်းနေရာတွေကနေ ရသေ့ဂူစခန်းကို ၆၀ မမ၊ ၈၁ မမ၊ ၁၂၀ မမတွေနဲ့ ပစ်ကူပေးပြီး မြေပြင်ကနေပါ KNLA ပူးပေါင်းတပ်ဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကေအန်ယူ မြေပြင်သတင်းတွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က နယ်ကျော်ထိုးစစ်လာတဲ့အတွက်  KNLA ဘက်မှ ကာကွယ်တဲ့ အနေနဲ့  ခုခံရာက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲမှာ နှစ်ဘက်ထိခိုက် သေဆုံးမှု အတည်မပြုနိုင်သေးလို့ ကေအန်ယူဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ရသေ့ဂူရွာသား ၃၀၀ ကျော်လောက် တောင်ပေါ်ဂူတွင်းသို့တိမ်းရှောင်ခဲ့ပြီး ဖလူးကြီးရွာသားတချို့ကတော့ မြန်မာ-ထိုင်းနယ်စပ်သို့ ပြေးရှောင်သွားတယ်လို့  ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လေးကေ့ကော်ဒေသမှာ စစ်ကောင်စီနဲ့ KNLA ၊ PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေ ကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေကတော့ ဘေးလွတ်ရာမှာ တိမ်းရှောင်ခိုလှုံနေကြရာမှာ  စစ်ရှောင်တွေ နေရပ်ပြန်လာကြဖို့  စစ်ကောင်စီက ကြေညာထားပါတယ်။

ရွာသားတွေ စစ်ဘေးရှောင်နေကြချိန် ကျေးရွာပေါင်း ၉ ရွာလောက်က အိမ်တွင်းပစ္စည်းတွေကို စစ်ကောင်စီတပ်က ခိုးယူခဲ့သလို အိမ်တံခါးတွေ ဖျက်ဆီးတာလည်းရှိတဲ့အတွက် နေရပ်ပြန်မယ့် စစ်ရှောင်ပြည်သူတွေရဲ့ လုံခြုံရေး ဘယ်သူက အာမခံမယ်ဆိုတာ မသိရသေးပါဘူး။

ကရင်လက်နက်ကိုင်အဖွဲ့ တာဝန်ရှိတစ်ဦးက “သူတို့ကပဲ သူခိုးဖြစ်နေတယ်။ ပြည်သူတွေရဲ့ ပစ္စည်းတွေကို ပြန်ခိုးတယ်။ အာမခံလည်းမပေးဘူးဆိုတော့ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ အရေးကတော့ ခဏစောင့်ရဦးမယ်” လို့ ပြောပါတယ်။ 

ကရင်ပြည်နယ်မှာ တိုက်ပွဲမဖြစ်စေချင်ပါက စစ်ကောင်စီတပ်တွေအနေနဲ့ နေရပ်ကို ပြန်ကြဖို့နဲ့ ငြိမ်းချမ်းရေးကို နည်းလမ်းမှန် တွေ့ဆုံဆွေးနွေးဖို့လိုတယ်လို့ ကေအန်ယူ တာဝန်ရှိသူ ၁ ဦးကပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က ရသေ့ဂူစခန်းအနီးမှာ အိမ်စီးကားနဲ့ နယ်ကျော်ပြောင်းရွေ့လာတဲ့ စစ်ကောင်စီရဲ့တပ်ခွဲမှူး အပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်ခဲယမ်းတွေကို စီးနင်းလာတဲ့ယာဥ်နဲ့အတူ  KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013