DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်တွေမြို့အနီးထိ တိုက်ပွဲကပ်လာ၊  စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်
စိုးသူအောင်
·
October 8, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့အနီးနဲ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ်တွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တို့အကြား ၁ လကျော်တဲ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

တိုက်ပွဲတွေဟာ စစ်တွေမြို့နယ်ထဲက တပ်ရင်းတွေနားအထိ ရောက်ရှိလာသလို မြေပြင်စစ်ကြောင်းတွေမှာ အရေးနိမ့်နေတဲ့ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်လို့  ဒေသခံနဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ ၄၉၂၆  စစ်ဆင်ရေး စတင်တဲ့ စက်တင်ဘာ ၄ ရက်ကစလို့ ရခိုင်ပြည်နယ်အတွင်းနဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပါပြီ။

ကနဦး စစ်တွေ-ပုဏ္ဏားကျွန်း အစပ်မှာ တိုက်ပွဲတွေဖြစ်ရာကနေ တလ ကျော်ကြာလာချိန်မှာ တိုက်ပွဲတွေဟာ စစ်တွေနယ်ထဲက တပ်ရင်းတွေနားအထိ ရောက်ရှိလာပြီလို့ ရခိုင်ဒေသခံ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။ 

ဒါကြောင့် စစ်တပ်က စစ်တွေမြို့နယ်အစပ်နဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တွေ အပါအဝင် ရခိုင်ဒေသထဲကို လေကြောင်းကနေ အရပ်သား ဦးတည်တဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။

စစ်ရေးရင်းမြစ်တယောက်က “မနေ့ကပဲ တိုက်ပွဲတအားပြင်းထန်နေတယ်။ ညတုန်းကလည်း ကြည်း၊ ရေ၊ လေနဲ့ သူတို့ ပစ်ကူနေကြတယ်။ စစ်တွေမြို့အပိုင်ထဲကို ရောက်သွားပြီ။ ပုဏ္ဏားကျွန်းအပိုင်မှာတော့ မဟုတ်တော့ဘူး။ ဒါပေမဲ့ သူတို့ ပုဏ္ဏားကျွန်းကို လေကြောင်းကြဲတာလေ။ ညတုန်းက ကြဲတာမှာ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်ကို အဓိကထားပြီး ကြဲသွားတာ။ ဗုံးအလုံးဟာ အနည်းဆုံး ၇၀ ရဲ့အထက်မှာရှိလိမ့်မယ်။”

တခြား ရခိုင်ဒေသခံကလည်း  စစ်တွေ ဒကစ နားအပြင်၊ အမြင့်ကျွန်း၊ ဝါဘို၊ ကျားမသောက်နဲ့ ရွှေမင်းဂံဝန်းကျင်ကနေလည်း အသံကြားရတယ်လို့ ခန့်မှန်းပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးသံတွေ နေ့စဉ် ဆူညံနေပေမဲ့ စစ်တွေမြို့တွင်းက ဒေသခံတွေကတော့ မြို့ထဲမှာပဲ ပိတ်မိနေပါတယ်။

ကုန်းလမ်းနဲ့ ရေလမ်းတွေ ပိတ်ဆို့ခံထားရတာကြောင့် တိမ်းရှောင်လိုသူတွေအတွက် လေကြောင်းခရီးစဉ် တခုတည်းကိုသာ အားထားနေရပြီး မြို့တွင်းက အခြေခံလူတန်းစားတွေမှာ တော့ စားဝတ်နေရေး ခက်ခဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

စစ်တွေမြို့ခံတယောက်က  "အသံတွေတော့ကြားရပါတယ်။ ဒီနေ့လည်း တော်တော် ကြားရပါတယ်။ စုံနေတာပဲ လက်နက်ကြီး လက်နက်ငယ်ရော လေယာဉ်သံလည်းကြားရပါတယ်။ ပုဏ္ဏားကျွန်းဘက်တို့ ပေါက်တော အဲ့ဒီဘက်တွေကပဲကြားရတာ။ မြို့ခံတွေက အရင်ထက်စာရင် မကြောက်တော့ပါဘူး ပုံမှန်ကြားနေရတော့။ ရန်ကုန်တော့ လေကြောင်းနဲ့သွားလို့ရပါတယ်။ ဝန်ထမ်းတွေကတော့ ပုံမှန်ရုံတက်ပါတယ်။ မရှိဆင်းရဲသားတွေကတော့ အလှူခံတာ များလာပါတယ်”လို့ ပြောပါတယ်။

ဒေသခံတွေအဖို့ လက်နက်ကြီးသံတွေကို ရိုးနေပြီဖြစ်ပေမဲ့ စစ်ရေး အကဲခတ်တွေရဲ့ အမြင်မှာတော့ စစ်တွေမြို့ရဲ့ လုံခြုံရေးဟာ အတော်လေး စိုးရိမ်ရတဲ့ အနေအထားကို ရောက်နေပြီလို့ သုံးသပ်ကြပါတယ်။

စစ်တပ်ရဲ့ တပ်မ (၁၀၁) က ပုဏ္ဏားကျွန်းဘက်ကို ထိုးစစ်ဆင်ခဲ့ပေမဲ့ အရေးနိမ့်ခဲ့တာကြောင့် အာရက္ခတပ်တော် (AA) ဟာ စစ်တွေမြို့ကို ကာကွယ်ထားတဲ့ ရေချမ်းပြင်နဲ့ ပါရမီစတဲ့ အဓိက တပ်ရင်းစုတွေကို ခြိမ်းခြောက်လာနိုင်ခဲ့တယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က သုံးသပ်ပါတယ်။

“၁ လကျော်ပေါ့နော်၊ ၁ လကျော်အတွင်းမှာ တပ်မ (၁၀၁) ရဲ့ တိုက်စစ်က ကျိုးသွားပြီးတော့ စစ်တွေတပ်နယ်အတွင်းကို အာရက္ခတပ်က အနီးကပ်တိုက်ခိုက်လာနိုင်တဲ့ အနေအထားမျိုးကို သွားတွေ့ရတယ်။ စစ်တွေတပ်နယ်မှာ ရင်းစု ၃ စုရှိတယ်။ ရေချမ်းပြင်ရင်းစုသာ ပေါက်သွားမယ်ဆိုရင် သူတို့ရဲ့လွှတ်တော်အဆောက်အအုံ အပါအဝင် ဗန္ဓုလလမ်းဆုံကိုပါ ထိန်းချုပ်ပြီးသား ဖြစ်သွားမယ်။ ဗန္ဓုလလမ်းဆုံကို ပါထိန်းချုပ်ပြီးသား ဖြစ်သွားရင်  စစ်တွေ တပ်နယ်နဲ့ စစ်တွေမြို့က ပြတ်သွားပြီ။ ဆက်သွယ်ရေးပြတ်သွားမယ်ပေါ့နော်။ ပြီးရင် ရွှေမင်းဂံရေဆိပ်နဲ့လည်း ပြတ်သွားတဲ့ အနေအထားမျိုးပဲ။

ဒါကြောင့် စစ်တပ်ဟာ စစ်တွေမြို့ကို လက်မလွှတ်ရရေး မြေပြင်အင်အားထက် လေကြောင်းတိုက်ခိုက်မှုတွေကိုသာ အဓိက အားပြုနေပါတယ်။

ဒါကြောင့် အရပ်သား ထိခိုက်မှုတွေလည်းရှိနေပြီး ၁ လအတွင်း ရခိုင်‌ဒေသမှာ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၇၅ ယောက်ထက်မနည်းရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ နီးပါးရှိလာပြီ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013