DVB Logo
Home
Lead Story
နတ်မောက်မြို့နယ်တွင် နယ်ထိန်းအဆင့်ရှိသူ ၁ ဦး ပစ်ခတ်ခံရ
DVB
·
December 31, 2021
နတ်မောက်မြို့နယ်တွင် နယ်ထိန်းအဆင့်ရှိသူ ၁ ဦး ပစ်ခတ်ခံရ
Donate to DVB

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်းက နယ်ထိန်းအဆင့်ရှိသူ မိုးဝေဟာ ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တရားမဝင်လောင်းကစားဝိုင်းကနေ လောင်းကြေးတောင်းပြီးပြန်လာစဉ် ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက ''ရွှေပန်းတောရွာမြောက်ဖက်က ဖျောက်ဆိပ်ကုန်းရွာထိပ်နားမှာ အပစ်ခံရပြီးသိပ်မကြာခင် ရဲတွေအများကြီး ရောက်လာတယ်။ အဲ့နေရာမှာတော့ တန်းသေမသွားသေးဘူး။ ခေါ်သွားတာမြင်တယ်'' လို့ ပြောပြပါတယ်။

ပစ်ခတ်ခံရတဲ့ နယ်ထိန်းဖြစ်သူ မိုးဝေဟာ တရားမဝင်လောင်းကစားကြက်ဝိုင်းမှာ လိုင်းကြေးသွားတောင်းတာဖြစ်ပြီး ယခင်ကလည်း ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို လိုင်းကြေးလာရောက်တောင်းယူနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

''ပြည်သူကိုအမျိုးမျိုးဒုက္ခပေးနေတဲ့ ရဲ–ဖြစ်နေလို့ ကျနော်တို့ပြောက်ကျားတပ်ဖွဲ့က ဗိုလ်ငါးမဲလုံး ရဲ့ တပ်စိတ် ၃ ကရဲဘော်တွေကနေ ၃ ချက်ပစ်ပြီး ငါးစာကျွေးခဲ့တာပါ။ ရဲစခန်းနဲ့နီးပြီး ရဲဘော်တွေရဲ လုံခြုံရေးအရ တန်းပြီးဆုတ်ခွာခဲ့ရလို့ သေ၊ မသေတော့ အတည်မပြုနိုင်ဘူးဗျ။ ကျနော်တို့ရဲဘော်တွေကတော့ အန္တရာယ်ကင်းပါတယ်'' လို့ နတ်မောက်မြို့နယ်၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက အတည်ပြုပြောဆိုပါတယ်။

နယ်ထိန်း မိုးဝေ ရရှိတဲ့ဒဏ်ရာဟာ ပြင်းထန်ပြီးအသက်အန္တရာယ်စိုးရိမ်ရတာကြောင့် နတ်မောက်ပြည်သူ့ဆေးရုံကနေ မကွေးပြည်သူ့ဆေးရုံကို လွှဲပြောင်းပို့ဆောင်လိုက်ရတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နယ်ထိန်း မိုးဝေ ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ နတ်မောက်မြို့နယ်၊ မြို့မရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

နတ်မောက်မြို့၊ မြောက်ဘက် ရွာမွန်စစ်ဆေးရေးဂိတ်အနီးက နတ်မောက်-ပင်းမြို့ဟောင်းကားလမ်းပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ထွေအုပ်ဝန်ထမ်း ၂ ဦး ပစ်သတ်ခံခဲ့ရသေးတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013