DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် မီးရှို့သတ်ဖြတ်ခံရသူပေါင်း ၃၉ ဦးရှိ၊ မီးမရှို့ခင် လက်ပြန်ကြိုးတုပ် နှိပ်စက်ခံရ
DVB
·
December 30, 2021
ဖရူဆိုတွင် မီးရှို့သတ်ဖြတ်ခံရသူပေါင်း ၃၉ ဦးရှိ၊ မီးမရှို့ခင် လက်ပြန်ကြိုးတုပ် နှိပ်စက်ခံရ
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ကမီးရှို့သတ်ဖြတ်ခဲ့တဲ့သူ စုစုပေါင်း ၃၉ ဦး ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က အတည်ပြုနိုင်ခဲ့ပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူတွေကို ကျွမ်းကျင်ဆရာဝန်တွေနဲ့ စစ်ဆေးတဲ့အခါ မီးမရှို့ခင် လက်ပြန်ကြိုးတုပ်ပြီး  ပြင်းပြင်းထန်ထန်နှိပ်စက်ထားတဲ့ အခြေအနေတွေပါ တွေ့ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က အတည်ပြုပါတယ်။ 

ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ်၊ မူဆိုကျေးရွာအနီးမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့အသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ 

မီးလောင်ကျွမ်းထားတဲ့ရုပ်အလောင်းစုစုပေါင်း ၃၉ လောင်းရှိပြီး သူတို့တွေကို ကျွမ်းကျင်ဆရာဝန်တွေနဲ့ စစ်ဆေးတဲ့အခါမှာတော့ ၃၁ ဦးရဲ့ ရုပ်အလောင်းတွေကိုပဲ စစ်ဆေးနိုင်ခဲ့ပြီး ကျန်တဲ့ ၈ ဦးရဲ့ ရုပ်အလောင်းတွေကတော့ လုံးဝပျက်စီးသွားပြီဖြစ်တဲ့အတွက် မစစ်ဆေးနိုင်ခဲ့ဘူးလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

စစ်ဆေးလို့ရတဲ့ ရုပ်အလောင်းတွေထဲမှာ အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင်တာကိုတွေ့ရပြီး အမျိုးသမီးရုပ်အလောင်းတွေထဲမှာမှ အသက် ၁၂ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ရုပ်အလောင်းလည်း ပါဝင်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ  ကိုဗညားက ပြောပါတယ်။

ရုပ်အလောင်းတွေကိုစစ်ဆေးချက်အရ အများစုဟာ မီးရှို့မခံရခင်မှာ လက်ပြန်ကြိုး အတုပ် ခံထားခဲ့ရသလို နှိပ်စက်ခံထားတဲ့ လက္ခဏာတွေလည်းနေကာ တချို့ ရုပ်အလောင်းတွေမှာ ဦးခေါင်းခွံကွဲအက်ဒဏ်ရာတွေရှိပြီး တချို့မှာတော့ ရင်ဘက်ထိုးသွင်း ဒဏ်ရာတွေရှိနေတယ်လို့ဆိုပါတယ်။

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေကပေးပို့လာတဲ့အချက်အလက်တွေနဲ့ စစ်ဆေးချက်တွေအရ မီးလောင်မှုနဲ့ ပစ်သတ်ခံရမှုမှာပါဝင်သွားသူတွေထဲမှာ Save The Children ဝန်ထမ်း ၂ ဦး၊ CDM သစ်တောဝန်ထမ်း ၁ ဦး ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပူးပေါင်းဖွဲ့စည်းထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့က ဝန်ထမ်း ၁ ဦး ၊ မူဆိုကျေးရွာ ဒေသခံ ၄ ဦး၊ ပြည်သူ့စစ် ၁ ဦး ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးနဲ့ တခြား အရပ်သားတွေပါဝင်ပါတယ်။ 

ဒါ့အပြင် လွိုင်ကော်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးကျော်လွင်ထူးနဲ့ သူ့ဝန်ထမ်း ၇ ဦးလည်း ဘောလခဲမြို့နယ်ကို  စက်သုံးဆီသွားရောက်ပို့ဆောင်တုန်း ပျောက်ဆုံးနေပြီး သူတို့သွားတဲ့လမ်းကြောင်းနဲ့ အချိန်အရလည်း တိုက်ဆိုင်နေတာဖြစ်တဲ့အတွက် ဒီမီးရှို့ခံရမှုမှာ ပါဝင်သွားတယ်လို့ အတည်ပြုလို့ရနိုင်ပြီလို့  ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီလက်အောက်ခံ ကရင်နီပြည်နယ်ရဲဌာန (KSP)အပါအဝင် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ လွတ်လပ်တဲ့ ဒေသတွင်းအရပ်ဘက်အဖွဲ့တွေက စုံစမ်းမှုတွေကို အသေးစိတ်လုပ်ဆောင်နေပါတယ်။ 

ဒီဗွီဘီက နောက်ဆုံးရရှိထားတဲ့အချက်အလက်တွေအရ ဖရူဆိုဖြစ်စဉ်မှာ မီးရှို့အသတ်ခံရသူ စုစုပေါင်းဟာ ၃၉ ဦးနဲ့ လက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့အပစ်သတ်ခံရသူ ၄  ဦး စုစုပေါင်း ၄၃ ဦးရှိတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မဖြစ်ပွားခင်မှာ ဒီဇင်ဘာ ၂၄ ရက်မနက်အစောပိုင်းက ဖရူဆိုမြို့နယ် ဒေသခံတပ်နဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈ ) တပ်တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဟာ မူဆိုကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေခဲ့တာပါ။

အဲဒီနောက် နွားကျောင်းသွားတဲ့ ဒေသခံတယောက်ကို  စစ်တပ်က ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် သူကတော့ ထွက်ပြေး လွတ်မြောက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေ ကင်းပုန်းဝပ်နေတာကို မူဆို ဒေသခံတွေဆီက သိရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ အဲဒီလမ်းကြောင်းကို ဖြတ်သန်းသွားတဲ့သူတွေကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့တာလည်းဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက ဒီဗွီဘီကို ပြောပါတယ်။ 

အခင်းဖြစ်ပွားခဲ့တဲ့ မူဆိုကျေးရွာအနီးက လမ်းကြောင်းဟာ စစ်မဖြစ်ခင်က ဒေသခံတွေ ပုံမှန်အသုံးပြုနေကျလမ်းကြောင်းပေါ်မှာဖြစ်ပွားခဲ့တာမဟုတ်ဘဲ စစ်တပ်ရှိနေတဲ့ ဖရူဆိုမြို့ကို မဖြတ်ချင်တာကြောင့် ဒေသခံတွေ အသုံးပြုကြတဲ့ ရွာချင်းဆက်လမ်းကြောင်းပေါ်မှာ  ဖြစ်ပွားခဲ့တာပါ။

အဆိုပါနေရာမှာ မီးလောင်ကျွမ်းမှုဖြစ်နေတာကို ဒီဇင်ဘာ ၂၄ရက် ညနေ ၃ နာရီဝန်းကျင်မှာ ကရင်နီပူးပေါင်းတပ်တွေက အဝေးကနေ မြင်တွေ့ခဲ့ရပြီး မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်းတွေကိုတော့ နောက်တစ်နေ့ ဒီဇင်ဘာ ၂၅ ရက် မနက်အစောပိုင်းမှာ တွေ့ရှိခဲ့ကြတာပါ။

ကလလတအသွင်ပြောင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ယောက် အသတ်ခံခဲ့ရတာလည်း မီးလောင်ကျွမ်းမှုဖြစ်ထားတဲ့ နေရာနဲ့ မနီးမဝေးနေရာမှာပဲလို့ ကိုဗညားကပြောပါတယ်။

လက်ရှိမှာတော့ မီးလောင်ကျွမ်းသွားတဲ့ ရုပ်အလောင်းတွေကို ဒေသခံကာကွယ်ရေးတပ်တွေနဲ့ အဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မီးသင်္ဂြိုဟ်ပေးခဲ့ပြီးလည်းဖြစ်ပါတယ်။ 

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ လက်အောက်ခံ ကရင်နီပြည်ရဲဌာန (KSP) ကတော့ ဖရူဆိုမြို့နယ် မိုဆိုရွာက အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို အတိအကျစုံစမ်းနေပြီး တစ်ကမ္ဘာလုံးသိအောင် ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။

မိုဆိုကျေးရွာအနီး မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်နဲ့  ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့  အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ကောင်စီကို ရှုတ်ချကန့်ကွက်ထားကြပြီး တာဝန်ယူ တာဝန်ခံမှုရှိဖို့နဲ့   ကျူးလွန်သူ တွေကို  စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုထားပါတယ်။

Photo-KNDF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013