
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာနိုင်ငံဘက်ပို့ ဆောင်မယ်လို့ ယူဆရတဲ့ စွမ်းရည်မြင့် FPV ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ အကောက်ခွန်ရှောင် တရားမဝင် ဒရုန်းတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် ထိုင်းနိုင်ငံ ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ CIB၊ ထိုင်းစစ်တပ် နရေးဆွန်စစ်ကြောင်း၊ ရာ့ချ်မနူးစစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးဌာနတို့မှ တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၂၁ ရက်က မဲဆောက်မြို့ရှိ ပါဆယ်ထုတ်တွေ လက်ခံရာ နေရာတွေကို စစ်ဆေးခဲ့တယ်။
မဲဆောက်မြို့ အာရှလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တဆိုင်မှာ မသင်္ကာစရာ ဂျပ်ဖာပါဆယ်ထုပ်တွေ တွေ့ရှိပြီး ဖောက်ဖွင့် စစ်ဆေးရာမှာ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့ပါတယ်။
အဲဒီထဲမှာ ကိရိယာတွေ အသင့်တပ်ဆင်ထားပြီး အသုံးပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ FPV အမျိုးအစား ဒရုန်း ၄ စင်း၊ ဒရုန်းဘောင်အပို ၇ တွဲ နဲ့ ကင်မရာ၊ ထိန်းချုပ်ကိရိယာ၊ အင်တာနက်လိုင်း ဖမ်းယူတဲ့ ကိရိယာတွေ ပါဝင်တဲ့ ဆက်စပ်ပစ္စည်းတွေပါ စုစုပေါင်း ၁၆ မျိုးကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါပစ္စည်းတွေကို ချင်းမိုင်ခရိုင်ကနေ ပို့လိုက်တာဖြစ်ပြီး လက်ခံရယူမဲ့သူမှာ အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသား မင်းနီကျော် ဖြစ်ပါတယ်။
ပစ္စည်းတွေ လာယူတော့ ပစ္စည်းတင် သွင်းခွင့် တရားဝင် စာရွက်စာတမ်း အထောက်အထား ပြသနိုင်ခြင်းမရှိတဲ့အပြင် သူ နေထိုင်တဲ့ အိမ်ခန်းကို သွားရောက်စစ်ဆေးရှာဖွေရာမှာ အလားတူ နောက်ထပ် ဒရုန်းအပိုပစ္စည်းတွေ ထည့်ထားတဲ့ ဂျပ်ဖာတပုံးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
သူကတော့ အဲဒီပစ္စည်းတွေကို တပါးသူအတွက် လက်ခံပေးတာဖြစ်ပြီး အထဲမှာ ဘာပစ္စည်းတွေ ပါသလဲဆိုတာ မသိရဘူးလို့ ငြင်းဆိုပေမဲ့ ရဲတပ်ဖွဲ့ကတော့ သူ့အပြောကို မယုံကြည်ဘဲ အကောက်ခွန်ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးထားပါတယ်။
ကနဦး စစ်ဆေးချက်အရ အဲဒီဒရုန်းတွေဟာ FPV အမျိုးအစားဖြစ်ပြီး သာမန်ဒရုန်းနဲ့ မတူဘဲ နည်းပညာပိုင်းမှာ စွမ်းဆောင်ရည် ပိုမိုမြင့်မားတယ်။ ပျံသန်းနှုန်း မြန်ဆန်ပြီး ရှုပ်ထွေးတဲ့ ဧရိယာမှာတောင် လိုင်းဆွဲအားကောင်းမွန်တယ်၊ အိမ်နီးချင်း မြန်မာနိုင်ငံဘက် ပို့ဆောင်မယ်လို့ ယူဆရတယ်လို့ ထိုင်းတာဝန်ရှိသူတွေက သတင်းထောက်ကို ပြောပါတယ်။
Source: JoCho News / AEC Asian News











