
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာမှာ ရွာသား အချင်းချင်း စကားများရာကနေ ပေါက်ပြားနဲ့ ထုရိုက်ခံရပြီး အမျိုးသားတယောက် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေ ၂၃ ရက် ညနေပိုင်းမှာ တောင်နီကျေးရွာနေ ကိုဝိုင်းချစ်ကို တရွာတည်းနေ မျိုးထက်အောင်က အရင်က စကားများထားတဲ့ကိစ္စကို မကျေနပ်တာကြောင့် ဦးခေါင်းကို ပေါက်ပြားနဲ့ ထုရိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီလို ထုရိုက်ခံရတာကြောင့် ကိုဝိုင်းချစ်မှာ ဦးခေါင်းထိပ် ပေါက်ပြဲသွေးထွက်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေစဉ် မေ ၂၅ ရက် ညနေပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။
ဒေသခံတယောက်က “အစကတော့ အသက်မသေဘူး ထင်ထားတာ။ ဒါပေမဲ့ ခေါင်းဒဏ်ရာက ပြင်းတော့ ဆေးရုံတက်နေရင်းနဲ့ ဆုံးသွားတာ။ တရွာတည်းသားအချင်းချင်း အခုလိုဖြစ်တာ စိတ်မကောင်းဘူး” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေညောင်နယ်မြေရဲစခန်းမှာ မျိုးထက်အောင်ကို ဖမ်းဆီးထားပြီး မူလက ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့်ထားရာကနေ သေဆုံးမှုဖြစ်ပွားခဲ့တာကြောင့် အခုတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲအမှုဖွင့်ထား ပါတယ်။
မေ ၅ ရက်ကလည်း အေးသာယာမြို့မှာ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက် အရက်အတူသောက်နေစဉ် အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုမူဖို့ ကြိုးစားခဲ့တာကြောင့် အမျိုးသမီးက ပေါက်ပြားနဲ့ နောက်စေ့ကို ရိုက်နှက်ခဲ့ရာ အမျိုးသားတယောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။










