DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်မှုကြောင့် ဘူမိဗေဒတတိယနှစ်ကျောင်းသားအပါအဝင် ကျဆုံးသူ ၁၃၈၀ ရှိလာ
DVB
·
December 29, 2021
စစ်တပ်က ပစ်သတ်မှုကြောင့် ဘူမိဗေဒတတိယနှစ်ကျောင်းသားအပါအဝင် ကျဆုံးသူ ၁၃၈၀ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၈၀ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၈ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၂၉၈ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄၂၇ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား ကိုအောင်ဘုန်းကျော်ဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က တာမွေမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၂၇ ရက်နေ့က စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ မူလတန်းပြကျောင်းဆရာ ဦးဇော်ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဦးဇော်ဦးဟာ ညီမဖြစ်သူ မင်္ဂလာဆောင်အတွက် ဝါးသွားခုတ်ပြီးအပြန် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးစဉ် ဟင့်အွန်ကျေးရွာအဝင်မှာ ခြေထောက်ကို ကျည်ထိမှန် ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာက ကိုရဲဝင်းဇော် (ခ) ကုလားကို ပျူစောထီးအဖွဲ့ဝင် လေးဦးက ကျေးရွာစာသင်ကျောင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ရုပ်အလောင်းကို လာရောက်ထုတ်ယူဖို့ မိသားစုဆီ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013