DVB Logo
Home
မြန်မာသတင်း
“ကားပေါ်ပစ်တင်ပြီးတော့ အရှင်လတ်လတ်မီးရှို့တာ” ဖရူဆိုတွင် အသတ်ခံရသူ၏ မိသားစုဝင်
DVB
·
December 27, 2021
“ကားပေါ်ပစ်တင်ပြီးတော့ အရှင်လတ်လတ်မီးရှို့တာ” ဖရူဆိုတွင် အသတ်ခံရသူ၏ မိသားစုဝင်
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာက ဒေသခံရွာသူ၊ ရွာသားတွေနဲ့ ခရီးသွားပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက် ကားပေါ်တင်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားခဲ့တာနဲ့ ပတ်သက်ပြီး ဒီတသက် မကျေနိုင်ဘူးလို့ မိသားစုက  ဒီဗွီဘီကို ပြောပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၆၆ တိုက်ခိုက်ရေးတပ်မဌာနချုပ်ရဲ့ ခမရ ၁၀၈ တပ်ရင်းစစ်ကြောင်းတစ်ခုဟာ ဒေသခံရွာသူ၊ ရွာသားတွေနဲ့ သာမန်ခရီးသွားပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ ဒီဇင်ဘာ ၂၄ ရက်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေဟာ အမုန်းတရားကို ပွားစေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူရဲ့ မိသားစုဝင်အမျိုးသမီးတဦးက “ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်စား သောက်နေတဲ့လူကို ရက်ရက်စက်စက်သတ်သွားတာကတော့ ကျမတို့ ဒီတသက်တော့ မကျေနိုင်ဘူး။ အမုန်းတရားတွေ ပွားစေတယ်”

တခြားမိသားစုဝင်တစ်ဦးကလည်း  “သူတို့ တောင်ယာသွားပြီး ပြန်လာတာလား၊ သွားတဲ့အချိန်မှာ ဖမ်းတာလားမသိဘူး။ သေချာမသိဘူးပေါ့။ သူ သွားတာကတော့ ၈ နာရီကျော် ၉ နာရီမထိုးခင်သွားတယ်။ သွားတော့ ပြန်ပေါ်မလာတော့ဘူး။ ပြီးတော့ လာသမျှလူတွေကို အကုန်တားတယ်။ လာသမျှကားတွေ အကုန်တားတယ်။ ပြီးတော့ ဓာတ်ဆီတွေ ဒီဇယ်တွေနဲ့ လောင်းတယ်။ လောင်းပြီးမှ အကုန်လုံး ရိုက်နှက်ပြီးတော့ ကားပေါ်ပစ်တင်ပြီးတော့ အဲလို အရှင်လတ်လတ်မီးရှို့တာ။ ကျနော်တို့အနေနဲ့ ဘယ်လိုခံစားရမလဲဆိုတော့ ပြောမထွက်နိုင်တော့ဘူး”လို့ပြောပါတယ်။ 

စစ်ကောင်စီတပ်ရဲ့ မီးရှို့သတ်ဖြတ်တာခံခဲ့ရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၃၅ ဦးပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ဒါအပြင် ကလလတ အသွင်ပြောင်း နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင် ၄ ဦး အသတ်ခံရသလို Save The Children အဖွဲ့က ၂ ဦး ပျောက်ဆုံးနေတယ်လို့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။ 

မျက်မြင်သက်သေ ဒေသခံ ရပ်မိရပ်ဖတွေက‌တော့ သတ်ဖြတ်ခံရသူစာရင်းဟာ  ထုတ်ပြန်ထားတာထက် ပိုနိုင်တယ်လို့ ခန့်မှန်းပါတယ်။

ဒေသခံရွာသားတစ်ဦးက “နောက်တရက် မနက် ၉ နာရီ ကျနော်တို့ သွားကြည့်တယ်။ အဲဒီအချိန်မှာ မီးလည်း ငြိမ်းသွားပြီ။ စစ်ကောင်စီလည်း နောက်ဆုတ်သွားပြီ။ ကျနော်တို့ သွားကြည့်တဲ့အချိန် လေးလုံးထိုးအောက်မှာကျတော့ အလောင်းက ၇ လောင်း  မဲတူးနေတာပဲ။  လူရုပ်လည်း မပေါ်တော့ဘူး။ နောက်ဘန်ပါအောက်မှာ ၈ လောင်း၊ နောက် ဟိုင်းဂျက်ပေါ်မှာက အထပ်လိုက်ပေါ့။ ဘယ်နှယောက်လဲတော့ မသိဘူး။ အပုံတော့ အမြင့်ကြီးပဲ။ တွေ့တော့ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့နော်။  ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးပြီး အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်လိုက်တဲ့အထဲမှာ မိသားစုကို ရိုးသားစွာလုပ်ကိုင်ကျွေးမွေးနေတဲ့ သာမန်အရပ်သားပြည်သူ ကလေးဖခင်တွေလည်း ပါဝင်ပါတယ်။

ဖရူဆိုမြို့နယ် လောဂျာရွာက ဒေသခံတဦးကတော့ အဲဒီနေ့ကလည်း သူတို့ရွာက လူငယ် ၄ ဦး ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။ 

“လူကလည်း များတဲ့အခါကျတော့ ဘယ်ရွာတွေပါလဲတော့ ကျနော် အကုန်လည်း မသိဘူး။ ရွာက ၄ ယောက်ပါတယ်။ သူတို့က ၁၈ ၊ ၁၉ အရွယ်တွေ၊ သူတို့က စစ်ရှောင်တဲ့လူတွေ၊ သူတို့က လွိုင်ကော်မှာ သွားနေဖို့ဆိုပြီးမှ ပစ္စည်းတွေ ပြန်လာသယ်ကြတာ။ လမ်းမှာ အဲလိုဖြစ်သွားတာ။ ”

အခင်းဖြစ်ပွားခဲ့တဲ့ မိုဆိုကျေးရွာအနီးမှာ စစ်ကောင်စီတပ်က စခန်းချနေပြီး လူရိပ်မြင်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် မိုဆိုကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်‌ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်နီပြည်ရဲဌာန (KSP) ကတော့ လတ်တလော ဖရူဆိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လူသားမဆန်စွာ သတ်ဖြတ်မှုဖြစ်စဉ်ကို   စုံစမ်းစစ်ဆေးနေပြီး ဒီညနေ့အထိ ပျောက်ဆုံးသူ ၁၅ ဦး တိုင်ကြားထားကြောင်း KSP‌ ပြောခွင့်ရသူက ပြောပါတယ်။

“အခုလောလောဆယ်က ကျနော်တို့လက်ထဲမှာ ၁၅ ယောက်တော့ စာရင်းတော့ ရထားတယ်။ ပျောက်နေတဲ့လူ၊ တိုင်ကြားထားတဲ့ လူတွေပေါ့။ အဲဒီ ၁၅ ယောက်က ကျနော်တို့ ဒေသခံတွေပဲ ပြောလို့ရနိုင်သေးတယ်။ လွိုင်ကော်က လူတွေပါတယ်။ ဖရူဆိုဘက်က လူပါတယ်။ လောလောဆယ် ကလေးနဲ့အမျိုးသမီးစာရင်းတော့ မရောက်သေးဘူး။ ၁၈ နှစ်ကောင်လေး တယောက်တော့ ပါတယ်။ ကျန်တဲ့ဟာတွေကလည်း ဆယ်ကျော်သက်တွေပါပဲ။ ”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး KSC အနေနဲ့ သက်သေတွေ ရအောင်ယူပြီး ကမ္ဘာသိအောင်ချပြမှာ ဖြစ်လို့ အရေးယူဆောင်ရွက်လို့ရတဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်း ကရင်နီပြည်ရဲဌာနက ပြောပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီတပ်တွေအနေနဲ့ နိုင်ငံတစ်ဝန်းက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက တောင်းဆိုထားပေမယ့် စစ်ကောင်စီတပ်ဟာ အရပ်သား ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး ဆက်လက် တိုက်ခိုက်‌နေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013