
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ အာရှလမ်းမကြီး ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မွေးမြူရေးဇုန်အနီးမှာ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို KNLA တပ်ဖွဲ့က ဒီနေ့မနက် ၇ နာရီလောက် တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အင်အင်ား ၅၀ နီးပါးရှိ ခြေလျင်ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့ပြီး ပြန်ဆုတ်ခွာသွားတယ်လို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ရှေ့ထွက်မိုင်း ၂ လုံး နဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ကူခဲ့ပြီး KNLA ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားတာကြောင့် အာရှလမ်းမကြီးပေါ် သွားလာနေတဲ့ ကုန်တင်ကားတွေနဲ့ ခရီးသည်တင်ကားတွေကို ယာယီရပ်တန့်ခိုင်းထားတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို မြေပြင်၊ ဝေဟင် စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် KNLA တပ်သား ၂ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၇ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒါ့အပြင် PDF တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၁၀ လက်နဲ့ အသုံးပြုနေတဲ့ မော်တော်ယာဉ် ၆ စီးကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် လေးကေ့ကော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။