DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် တာဝန်ထမ်းနေသည့် Save the Children ဝန်ထမ်း ၂ ဦး ပျောက်ဆုံး၊ စီးလာသည့်ကား မီးရှို့ခံထားရ
DVB
·
December 26, 2021
ဖရူဆိုတွင် တာဝန်ထမ်းနေသည့် Save the Children ဝန်ထမ်း ၂ ဦး ပျောက်ဆုံး၊ စီးလာသည့်ကား မီးရှို့ခံထားရ
Donate to DVB

မြန်မာပြည်တဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို နိုင်ငံတကာ တောင်းဆိုနေချိန်မှာပဲ ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ဒီဇင်ဘာ ၂၄ ရက်က စစ်ကောင်စီတပ်ရဲ့  အကြမ်းဖက်တိုက်ခိုက်မီးရှို့မှု ဖြစ်စဉ်မှာ Save the Children ရဲ့  ဝန်ထမ်း ၂ ဦး ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

ပြည်နယ်တွင်းက ကျေးရွာတခုမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်အပြီး အားလပ်ရက် နေအိမ်ပြန်ချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့  Save the Children က ထုတ်ပြန်ပြောဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ Save the Children က ဝန်ထမ်း ၂ ဦး ပျောက်ဆုံးခဲ့ပြီး သူတို့စီးခဲ့တဲ့ မော်တော်ယာဉ်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Save the Children ၏ အမှုဆောင်ချုပ် (Chief Executive) Inger Ashing က “နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်တဲ့ ဒီအကြမ်းဖက်လုပ်ရပ်ကို ကျမတို့အနေနဲ့ ပြင်းထန်စွာရှုတ်ချတယ်။ အပြစ်မဲ့ ပြည်သူတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုနေတဲ့ သန်းပေါင်းများစွာသော ကလေးသူငယ်တွေကို ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေ လုပ်နေတဲ့ ကျမတို့ ဝန်ထမ်းတွေကို အခုလို အကြမ်းဖက်ကျူးလွန်တဲ့အပေါ် လွန်စွာ ထိတ်လန့်အံ့ဩတုန်လှုပ်မိ ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့  အသေးစိတ်စုံစမ်းစစ်ဆေးလျက်ရှိပြီး  အကူအညီပေးရေး ဝန်ထမ်းတွေကို တိုက်ခိုက်ခြင်းအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်မဟုတ်ပါ” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာနားမှာ  ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်တဲ့ ရွာသားတွေကို စစ်ကောင်စီတပ်က ကားတွေနဲ့အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။ 

မိုဆိုကျေးရွာအနီး ထွက်ပြေးနေရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ နဲ့ တိုးပြီး ရွာသားတွေ အခုလို မီးရှို့ သတ်ဖြတ်ခံလိုက်ရတာပါ။

ဒီဇင်ဘာ ၂၄ ရက် ကယားပြည်နယ်ဖြစ်စဉ်အတွင်း အမျိုးသမီးနဲ့ ကလေးတွေအပါအဝင်  အရပ်သားပြည်သူ ၃၈ ဦး ထက်မနည်း မီးရှို့သတ်ဖြတ်ခံရမှုအပေါ် Save the Children အနေနဲ့လည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ 

အခုလိုဖြစ်စဉ်ကြောင့် Save the Children အနေနဲ့  ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ မကွေးတိုင်းက ဒေသတချို့နဲ့  ကရင်ပြည်နယ်က စီမံကိန်းတွေကို  ယာယီရပ်ဆိုင်းလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ 

Save the Children ဟာ မြန်မာနိုင်ငံမှာ ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ၊ ပညာရေးနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော်နဲ့အတူ ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့နဲ့ နိုင်ငံတဝန်း လုပ်ကိုင်နေတာပါ။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၇၅ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013