DVB Logo
Home
မြန်မာသတင်း
ရေဦးမြို့နယ် ရေမြက်ကျေးရွာတွင် အိမ်ခြေ ထက်ဝက်ခန့် မီးရှို့ခံရ
DVB
·
December 26, 2021
ရေဦးမြို့နယ် ရေမြက်ကျေးရွာတွင် အိမ်ခြေ ထက်ဝက်ခန့် မီးရှို့ခံရ
1 / 7
Donate to DVB

ရေဦးမြို့နယ် ရေမြက်ကျေးရွာမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာရဲ့ အိမ်ခြေ တဝက်ကျော် ဆုံးရှုံးသွားတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ရေမြက်ကျေးရွာဟာ အိမ်ခြေ ၁၄၀ ကျော်လောက်ရှိတဲ့ ကျေးရွာဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က နေအိမ်အလုံးရေ ၈၀ လောက်ကို စစ်ကောင်စီတပ်က  မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျေးရွာဟာ တအိမ်နဲ့တအိမ် ခြံစည်းရိုးခြားထားမှု မရှိတဲ့အတွက် မီးရှို့ပြီး ပြာကျနေတဲ့ အိမ်ခြေအရေအတွက်ကို  ခန့်မှန်းခြေသာပြောနိုင်ပြီး အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှုခဲ့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ၇ ဦးလောင်း တွေ့ရှိထားပြီး ကျေးရွာအနီးကို ဒေသခံတွေ မပြန်ရဲကြသေးတဲ့အတွက် အလောင်းအရေအတွက် အတိအကျကို မသိနိုင်သေးဘူးလို့ သိရပါတယ်။

“အခုလောလောဆယ်တော့ အလောင်း ၇ လောင်းတွေ့ထားတယ် ဒါပေမယ့် အသေအပျောက်ကတော့ များနိုင်တယ်။ ရွာပျက်သလောက်ကို ဖြစ်သွားပြီ၊ အိမ်ခြေက ၁၄၀ ကျော်လောက်ရှိမယ်၊ ပျက်စီးသွားတာ ဖျက်ဆီးခံလိုက်ရတာက ၇၀ ကျော် ၈၀လောက်ရှိမယ်။ အရေအတွက်ကတော့ သေချာတော့မသိရသေးဘူး။ ပုံပြီးမီးရှို့သွားတာတွေလည်းရှိတော့ တစ်အိမ်နဲ့တစ်အိမ်က စည်းရယ်လို့ ခွဲခြားမှုလည်းသိပ်မရှိတော့ သေချာ အတပ်မပြောနိင်သေးဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရေမြက်ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၅ စီးနဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ပြီး  ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ကျေးရွာထွက်ပေါက်တွေကိုလည်း အင်အား ၈၀ ကျော်လောက်နဲ့  ပိတ်ဆို့ ထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ရေမြက်ကျေးရွာအပါအဝင်  ရေဦးမြို့နယ်အတွင်းက လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စုနဲ့ ဝသဲ အုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု ၊ တမတောအုပ်စုနဲ့ မကျီးနီအုပ်စုက ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ PDF အဖွဲ့တွေဆီက သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံတွေဟာ တောထဲနေရာတွေနဲ့ အနီးနား ကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရေမျက်ကျေးရွာအတွင်းမှာ KIA နဲ့ ဒေသခံ PDF အဖွဲ့တို့ အစည်းအဝေးပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဟတ်ယာဉ် ၅ စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာမှာ  ကျေးရွာဒေသခံတွေ သေဆုံးခဲ့တာဖြစ်ပါတယ်။

“အနားဝန်းကျင်တောထဲတွေမှာ နဲ့ အနီးနားက ကျေးရွာတွေမှာ ရှောင်တိမ်းနေကြရ ရွာကိုဘယ်သူမှတော့ ပြန်မကပ်ရဲကြသေးဘူးဗျ။ ကျေးရွာဒေသခံတွေကိုသတ်ဖြတ်ပြီး အိမ်တွေကို မီးရှို့သွားတာ၊ ကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ရေမြက်ကျေးရွာအတွင်း ဒီဇင်ဘာ ၂၃ ရက်နေ့ မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည်ထွက်ခွာသွားပေမယ့် အနီး ကျေးရွာတွေမှာ ဝင်ရောက်ဆီးနင်းရှာဖွေမှုတွေ ပြုလုပ်နေတာကြောင့်  ဒေသခံတွေ မပြန်ရဲကြသေးဘူးလို့ သိရပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့က စတင်ပြီး စစ်ကောင်စီက ရေမျက်ကျေးရွာကို မြေပြင်၊ ဝေဟင် နှစ်ခုလုံးကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013