
‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (UWSA) နယ်မြေထဲက ရှမ်းပြည်နယ်မြောက်ပိုင်း၊ မက်မန်းမြို့နယ် သံလွင်မြစ်နားမှာ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၉၀ ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
မေ ၁၂ ရက်နဲ့ ၁၃ ရက်မှာ လုံခြုံရေး ပူးပေါင်းအဖွဲ့တွေက ရှာဖွေစစ်ဆေးရာကနေ သံလွင်မြစ်ကမ်းတလျှောက်က လူနေတဲတွေ၊ အဆောင်တွေနဲ့အတူ အခုလို ဖမ်းမိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကျားဖြန့်လုပ်ငန်းသုံး ကွန်ပျူတာတွေ၊ Starlink ဂြိုဟ်တုအင်တာနက်တွေ၊ မီးစက်တွေ အပါအဝင် တခြားဆက်စပ်ပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို ဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်သလို နောက်ကွယ်က ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက်စုံစမ်း ဖော်ထုတ်သွားမယ်လို့ စစ်အာဏာရှင်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSA) ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။










