DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က သံချပ်ကာကားများဖြင့် အသင့်ပြင်ထား
DVB
·
December 25, 2021
မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က သံချပ်ကာကားများဖြင့် အသင့်ပြင်ထား
1 / 5
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲကို မြန်မာစစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ကျရောက်ပြီးနောက်  နယ်စပ်မှာ ထိုင်းစစ်တပ်က သံချပ်ကာကားတွေနဲ့ လုံခြုံရေး အသင့်ပြင်ထားပါတယ်။ 

မဲဆောက်နဲ့ မျက်နှာချင်းဆိုင် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ ကေအန်ယူ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပြီး လက်နက်ကျည်တွေဟာ ဒီမနက်မှာတော့ ထိုင်းဘက်ခြမ်းကို ကျရောက်လာတာ ဖြစ်ပါတယ်။

အဆိုပါနေရာကို အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာမှာ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် မော်လ်ချိုင်းကျေးရွာထဲကို RPG လက်နက်ကြီး ၅ ကြိမ်ကျ ရောက်ခဲ့ကြောင်း၊ ထိုင်းရွာသားပိုင်နေအိမ်တစ်လုံး ခေါင်မိုးပေါက်သွားပြီး အိမ်ပရိဘောဂ ပစ္စည်းပျက်စီးကာ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့  AEC အာဆီ ယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာဘက်ခြမ်းက လက်နက်ကျည်ကျလာတဲ့နေရာဟာ နှစ်နိုင်ငံနယ်နိမိတ်နဲ့ မီတာ ၁၀၀ ကျော် ၂၀၀ ခန့်အကွာသာ ကွာဝေးတာကြောင့် အနီးအနားနေရွာသားတွေကို နယ်ခြားစောင့်တပ်က သတိနဲ့နေဖို့မှာကြားထားပြီး အမှတ်၃၄ ထိုင်းနယ်ခြားစောင့်တပ်ကလည်း V-150 အမျိုးအစား သံချပ်ကာကား ၂ စီးနဲ့အတူ မဲဆောက်မြို့နယ်ထဲမှာ လုံခြုံရေးအင်အားလာရောက်ဖြည့်တင်းထားတယ်လို့  သတင်းမှာဖော်ပြပါတယ်။ 

မဲဆောက်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတား တောင်ဘက်ကစပြီး ထိုင်းနိုင်ငံ မဟာဝမ်းတိုက်နယ်အထိ ထိုင်းနယ်စပ်ရဲဗိုလ်မှူး သြလချိုင်းအောင်းဆင်စုံဘွန်း ဦးဆောင်တဲ့ အမှတ်(၃၄၆)ထိုင်းနယ်စပ်ရဲနဲ့ ဗိုလ်မှူး အက်ကဖုန်း လုထောင်း ဦးဆောင်တဲ့ အမှတ် (၃၄၅)ထိုင်းနယ်စပ်ရဲတပ်ဖွဲ့ နှစ်ခုပူးပေါင်းပြီး နယ်စပ်ကို ကာကွယ်ဖို့ သံချပ်ကာ စစ်ကား(V -150)  ၂ စီးနဲ့ စတင်လှည့်ကင်းနေတာဖြစ်ပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကလည်း မဲဆောက်မြို့နယ် မယ်တောင်းအုပ်စု ဒွန်းချိုင်းကျေးရွာရှိ ထိုင်းရွာသားပိုင်စိုက်ခင်းတွေထဲ လက်နက်ကျည် ၇ ကြိမ်လောက်ကျရောက်ပြီး ကြံခင်းတွေ မီးလောင်သွားလို့ ထိုင်းစစ်တပ်က မီးခိုးငွေ့ ကျည် ၅ ချက်ဖောက်ပြီး သတိ ပေးခဲ့ပါသေးတယ်။ 

စစ်ကောင်စီတပ်တွေဟာ ခုရက်ပိုင်းအတွင်း ကေအန်ယူကို လေယာဉ်တွေပါအသုံးပြုပြီး တိုက်ခိုက် ဗုံးကြဲခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းလေတပ်ဗိုလ်ချုပ်ကြီး နာ့ဖားတေ ထူပတေမီး ကတော့ မြန်မာစစ်တပ်လေယာဉ်တွေဟာ ထိုင်းပိုင်နက်ထဲ ဝင်ရောက်လာခြင်းမရှိသေးကြောင်း၊ ထိုင်းလေတပ်အနေနဲ့ မြန်မာ့ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘဲ မိမိနိုင်ငံ ပိုင်နက်ကိုတော့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်သွားမယ်လို့ သတင်းထောက်တွေကို ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ  ကရင်ပြည်နယ်  ဘားအံမြို့ကနေ  မြဝတီမြို့ဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကားကြီးတွေနဲ့ စစ်အင်အားဖြည့်တင်းဖို့ လာနေတယ်လို့လည်း သတင်းတွေ    ထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013