DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေဟု ကရင်နီပြည် အတိုင်ပင်ခံကောင်စီကြေညာ
DVB
·
December 25, 2021
စစ်ကောင်စီတပ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေဟု ကရင်နီပြည် အတိုင်ပင်ခံကောင်စီကြေညာ
Donate to DVB

အမျိုးသမီးနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် ကရင်နီပြည်သူ အယောက် ၄၀ လောက်ကို လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့တာဟာ အာဏာသိမ်းစစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှုကို  ပြောင်ပြောင်းတင်းတင်း ကျူးလွန်တာ ဖြစ်တယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) က ထုတ်ပြန်ကြေညာပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး  စစ်ဘေးရှောင်လာတဲ့ ရွာသား ၃၅ ယောက်ကို စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီးခဲ့ပြီး  ဒန်ပါကား ၃ စီး၊ ကားငယ် ၃ စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅ စီးတို့နဲ့အတူ မီးရှို့ သတ်ဖြတ်ခဲ့တဲ့အပေါ် အခုလို ထုတ်ပြန် ပြောဆိုလိုက်တာပါ။

စစ်ကောင်စီရဲ့ လူမျိုးတမျိုးပေါ် မတရားဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့အပြင် ဆုံးရှုံးနစ်နာတဲ့ ပြည်သူလူထုအတွက် တရားမျှတမှု ရရှိတဲ့အထိ ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့လည်း အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီလို လူမျိုးတုံး သတ်ဖြတ်မှုပေါ် လူသားချင်းစာနာထောက်ထားမှုနဲ့ တရားမျှတမှုရှိရှိ အရေးယူနိုင်ရေးအတွက် အချိန်နဲ့တပြေးညီ အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းပါတယ်။

ကရင်နီပြည်အတိုင်ပင်ခံကောင်စီအနေနဲ့ ဒီတော်လှန်ရေးနဲ့ ကြားကာလမှာ ပြည်နယ် ပြည်သူလူထုအရေးအတွက် ဦးဆောင်တိုက်ပွဲဝင်နေတာနဲ့အညီ  အပြစ်မဲ့ ဖိနှိပ်ခံပြည်သူလူထုကို စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်ပြီး စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေအတွက် ဖိနှိပ်ခံ ပြည်သူတွေနဲ့အတူ  နာကျင်ကြေကွဲဝမ်းနည်းရတယ်လို့ဆိုပါတယ်။

အလားတူ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလက) ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အသတ်ခံရတဲ့ နယ်ခြားစောင်တပ့်သား ၄ ဦးနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ 

မိုဆိုကျေးရွာအနီး ဒေသခံရွာသား ၃၅ ဦးကို စစ်တပ်က ဖမ်းဆီးစဉ် ပြည်သူလူထုက နယ်ခြားစောင့်တပ်ကို အကူအညီတောင်းခံတဲ့အတွက် မိမိတို့ နယ်ခြားစောင့်တပ် ၄ ဦးက ညှိနှိုင်းပေးဖို့ သွားရောက်ရာမှာ စစ်တပ်က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို ပစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း (ကလလတ)အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် စစ်တပ်က ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အပြစ်မဲ့ရွာသား ၃၅ ဦးကို စစ်တပ် ကားပေါ် ပစ်တင်ပြီး ဓာတ်ဆီလောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီလိုဥပဒေမဲ့ အကြမ်းဖက် ရာဇဝတ်မှုကို ကျူးလွန်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။ 

ကရင်နီဒေသမှာ မေ ၂၀ ရက်ကစပြီး နေ့စဉ်ရက်ဆက် တိုက်ပွဲကြီးငယ်တွေ ဆက်တိုက်ဖြစ်ပွားနေပြီး ပြည်နယ်ရဲ့ ထက်ဝက်လောက်ရှိတဲ့  လူဦးရေ တသိန်းခွဲကျော်လောက်  စစ်ဘေးရှောင်တွေအဖြစ် ရောက်ရှိနေရပါတယ်။

အခုချိန်ထိလည်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးမှုနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တွေနဲ့ အဆောက်အအုံ ၆၅၂ ခုလောက် ဆုံးရှုံးပျက်စီးခဲ့သလို ရာနဲ့ချီတဲ့ ပြည်သူတွေလည်း အသက်တွေ ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013