စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် မုံရွာ-အရာတော်သွား လမ်းဆုံမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်က ဒီဇင်ဘာ ၂၄ ရက် မနက် ၉ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို သိရပါတယ်။
အဆိုပါစစ်ကောင်စီယာဉ်တန်းဟာ အရာတော်မြို့ အမှတ်-၃၆၉ တပ်ကနေထွက်လာပြီး မုံရွာ-အရာတော်အသွား ကားလမ်းဆုံမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သပြေညို ပြောက်ကျားတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
*ကျနော်တို့ အတွင်းသတင်းပေးအရ အရာရှိအပြောင်းအလဲလုပ်မှာလို့ ကြိုသိရတယ်။ အဲတာကို သွားကြိုတဲ့ယာဉ်တန်းကို မိုင်းခွဲနိုင်အောင်လို့ ကြိုတင်ပြင်စဉ်ပြီး အခုလိုတိုက်ခိုက်တာဖြစ်တယ်ဗျ။ ပထမတစ်ကြိမ် မိုင်းခွဲတော့ ဒီကောင်တွေ ကျနော်တို့ကို ပြန်ပြီးပစ်သေးတယ်။ နောက်တစ်ကြိမ် ကျနော်တို့ ထပ်မိုင်းခွဲတော့ ဒီကောင်တွေ အတော်အထိနာသွားတယ်။”
အဆိုပါပေါက်ကွဲမှုမှာ ၁၀ ဦးထက်မနည်းကျဆုံးနိုင်ပြီး ၂၀ ယောက်လောက်ဒဏ်ရာရရှိနိုင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောဆိုပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီယာဉ်တန်းတွေကို စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အများဆုံးမိုင်ဆွဲတိုက်ခိုက်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေ လေကြောင်းအသုံးပြုပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံရွာသားတွေ သေဆုံးတာရှိသလို ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ ကျေးရွာအတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ပြန်လည်ဆုတ်ခွာသွားပြီး နေအိမ်တွေကို ဖျက်ဆီးကာ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးထားခဲ့ပြီး အိမ်တွင်းပစ္စည်းတွေ ယူဆောင်သွားကြသလို အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ နယ်မြေရှင်းလင်းရေးအကြောင်းပြပြီး ဘန့်ဘွေးရွာမ ကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲခဲ့တာကြောင့် ဘန့်ဘွေးရွာမ ကျေးရွာအပါအဝင် အနီးနားက ကျေးရွာနေပြည်သူတွေလည်း နေအိမ်တွေမှာမနေရဲကြလို့ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့က စတင်ပြီး ဘန့်ဘွေးရွာမ ကျေးရွာအတွင်းကို တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ ကျော်လောက်ကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ တပ်သား ၁ ဦးကိုလည်း PDF အဖွဲ့က ဖမ်းဆီးခဲ့မိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့များကို ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေက မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြတာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့တိုက်ခိုက်မှုကတော့ အချိန်အကြာဆုံးဖြစ်ပြီး မနက်ပိုင်းကနေ ညပိုင်းအပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့သလို စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း PDF အဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။