DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်
DVB
·
December 25, 2021
ဖရူဆိုတွင် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်
1 / 4
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက  ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်တဲ့ ရွာသားတွေကို စစ်ကောင်စီက ကားတွေနဲ့အတူ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ KNDF ပြောခွင့်ရသူက ဒီဗွီဘီကို ပြောပါတယ်။ 

“ရွာသားတွေလေ၊ ဖရူဆိုမြို့ပေါ်ကလူတွေ၊ ရွာနာမည်အတိအကျတော့ မသိရသေးဘူး။  တိုက်ပွဲဖြစ်တော့ စစ်ရှောင်သွားရင်းနဲ့ စစ်တပ်နဲ့ လမ်းမှာတိုးတယ်။ ပြီးရင် အဲဒီနေရာမှာတင် စစ်တပ်က မီးရှို့လိုက်တယ်။”

မိုဆိုကျေးရွာအနီး ထွက်ပြေးနေရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ နဲ့ တိုးပြီး ရွာသားတွေ အခုလို မီးရှို့သတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

“အခုက မိသားစုဝင်တချို့တွေတော့ ကျနော့်ကို လှမ်းဆက်တယ်။ ဒါပေမဲ့ လူတွေအရမ်းများတော့ ကလေးတွေရော၊ အမျိုးသမီးတွေရော၊ ယောကျာ်းလေးတွေရော အကုန်လုံးပြာဖြစ်ကုန်တော့ ကျနော်တို့ ဘယ်လိုမှ နည်းနည်းဝေခွဲလို့မရဘူးဖြစ်နေတယ်။ ”

အခုမီးရှို့သတ်ဖြတ်ခံရသူတွေပေါင်း အယောက်  ၃၀ လောက်ရှိမယ်လို့ ခန့်မှန်းရတယ်လို့  KNDF ပြောခွင့်ရသူကပြောပါတယ်။  ဒါပေမဲ့ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်မှုကြောင့်  မိုဆိုကျေးရွာနေ  အရပ်သားပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖရူဆိုမြို့ပေါ်အပါအဝင် မြို့နယ်နေ ပြည်သူတွေ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ ထိုးစစ်ဆင်လာမှုကြောင့် ဖရူဆိုမြို့ပေါ်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ မနေ့က ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတာဖြစ်ပြီး ဖရူဆိုမြို့ပေါ်လူ ၈၀ ရာခိုင်နှုန်းလောက် ထွက်ပြေးနေခဲ့တာလို့ ဒေသခံ တဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး  ဒီဇင်ဘာ ၂၄ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီနဲ့ ကရင်နီပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မိုဆိုကျေးရွာအနီး ကင်းစခန်းချထားတဲ့ နယ်ခြားစောင့်တပ်ဖွဲ့က ၄ ဦးကို ပစ်သတ်သွားတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီတပ်များမှ မိုဆိုကျေးရွာအနီး ကင်းစခန်းချထားသော နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် (၄) ဦးကို ကြိုးတုပ်ကာ ဦးခေါင်းများကိုပစ်ခွဲ ကွပ်မျက်ခဲ့ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေက မိုဆိုကျေးရွာနေ ပြည်သူတွေရဲ့ ဒန်ပါကား ၃ စီး၊ ကားငယ် ၃ စီး၊ ထော်လာဂျီနဲ့ ဆိုင်ကယ် ၅ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သလို ကလေး ၁ ဦးပါအဝင် ရွာသား ၁၀ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း  KNDF က  ဒီဇင်ဘာ ၂၄ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတ်ဖြတ်ခံရတဲ့ နယ်ခြား‌စောင့်တပ်သား ၄ ယောက်ဟာ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုညှိနှိုင်းစဥ် သတ်ဖြတ်ခံရတာလို့လည်း ဆိုပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ကယားပြည်နယ်အခြေစိုက် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့ဝင်တွေဖြစ်ကြောင်း သိရတယ်။ ကလလတဟာ  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)ကနေ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ် မေလမှာ မြန်မာစစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။

၂၀ဝ၉ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာတော့ ကလလတ တပ်တချို့ကို  နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013