
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဘာဒိုကျေးရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာသားနှစ်ယောက် ကျဉ်ထိမှန်ခဲ့ပြီး တယောက် သေဆုံးသွားတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစုကနေ သိရပါတယ်။
ဘာဒိုကျေးရွာမှာ ဒီမနက် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်ပေါ်တချို့ကျရောက်ပေါက်ကွဲခဲ့သလို ရွာသား နှစ်ယောက် ကျည်ဆန် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစုက “ အကြမ်းဖက်စကစမှ ဘာဒိုရွာကို တမင်သက်သက်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးဒဏ်ရာပြင်းထန်ပြီး အခုလေးတင်ပဲ အသက်ဆုံးရှုံးသွားတယ်” လူမှုကွန်ရက်မှာ ထုတ်ပြန် ဖော်ပြထားပါတယ်။
ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတင်ဆောင်လာတဲ့ ကား ၆ စီးနဲ့ ဘာဒိုကျေးရွာကို ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အလားတူ ကယားပြည်နယ် ဖရူဆိုမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာမယ်ဆိုတဲ့သတင်းကြောင့် ဒေသခံလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။
ဖရူဆိုဒေသခံတဦးက “လူတွေက စစ်ကြောင်းလာမယ်၊ စစ်ကြောင်းလာရင် မလွယ်ဘူးဆိုပြီး လောလောဆယ်မြို့ပေါ်မှာတော့ စစ်ကြောင်းတွေဘာတွေလာတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လူတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိမယ်ထင်တယ်။ ထွက်ပြေးတာ။ တချို့ကလည်း မြို့ပေါ်ပြေးတယ်။ တချို့ကလည်း နီးစပ်ရာအမျိုးတွေရှိတဲ့နေရာတွေပဲ ပြေးကြတာပေါ့။ ”လို့ ပြောပါတယ်။
ဖရူဆိုမြို့ပေါ်မှာအများစုက ကျေးရွာကနေ လာရောက်နေထိုင်ကြသူတွေရှိတဲ့အတွက် သူတို့တွေဟာ ရွာဟောင်းကို ပြန်သွားကြတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း ဖရူဆိုမြို့နယ် မိုဆိုကျေးရွာနီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ပြောပါတယ်။
အခုဖရူဆိုမြို့ပေါ်က ဒေသခံကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေကို နေရာရွေ့ပြောင်းတဲ့ပုံစံဖြစ်ပြီး နေအိမ်တွေမှာတော့ သက်လတ်ပိုင်းတွေက အိမ်စောင့်အနေနဲ့ ကျန်ရစ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က ဖရူမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၄၂၈ တပ်ကို ကရင်နီပူးပေါင်းတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၃ ဦးကျဆုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့်လည်း ကျေးရွာ ၆ ရွာလောက်က လူဦးရေ ၈၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဖြစ်ပါတယ်။
အခုရက်ပိုင်းတွေမှာ ကယားပြည်နယ် နေရာအနှံ့မှာ တိုက်ပွဲ နေစဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်အင်အား အများအပြားလည်း ထိုးစစ်ဆင်လာနေတယ်လို့ လည်း ဒေသခံတွေ ရဲ့ ပြောဆိုချက်အရ သိရပါတယ်။