DVB Logo
Home
မြန်မာသတင်း
နတ်ချောင်းရွာတွင် ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုကြောင့် ဒေသခံ အနည်းဆုံး ၄ ဦး သေဆုံး
DVB
·
December 24, 2021
နတ်ချောင်းရွာတွင် ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုကြောင့် ဒေသခံ အနည်းဆုံး ၄ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံး  လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးထားသူ လက်ရှိအချိန်ထိ အမျိုးသား ၂ လောင်းနဲ့ အမျိုးသမီး  ၂ လောင်းတွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် နေ့လယ်ပိုင်းကစတင်ပြီး စစ်ကောင်စီတွေက ကျေးရွာအတွင်း ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာသူ ကျေးရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာအတွင်း နေအိမ်တွေကို  မီးရှို့ဖျက်ဆီးသွားသလို ဒီနေ့ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတွေ ရှိနေသေးတဲ့အတွက် နေအိမ်အလုံးရေကို အတိအကျ မသိနိုင်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“၂၃ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဟက်စကီး တွေ ရောက်လာပြီး ဗုံးတွေကြဲပြီးတော့ တိုက်တယ်။ အများကြီးကြဲကြဲချတယ်။ ညနေပိုင်းမှာ အိမ်တွေကိုမီးလိုက်ရှို့တယ်။ အခု အလောင်း ၄ လောင်းတွေ့ထားပါတယ်။ အမျိုးသမီး ၂ လောင်း အမျိုးသား ၂ လောင်း။ သူတို့ ကားပေါ်ကောက်တင်သွားတဲ့ အလောင်းတွေလည်းရှိတယ်ဆိုတော့ အရေအတွက်အတိအကျကိုတော့ ကျနော်တို့ မပြောနိုင်သေးဘူး၊ ခုထိ သူတို့က ရွာထဲမှာရှိနေတာဆိုတော့ အနားကိုမကပ်ရဲသေးဘူး။ မီးရှို့တဲ့ အိမ်တွေက အတော်များများရှို့သွားတာ အတိအကျကိုတော့ ကျနော်တို့လည်း မပြောနိုင်သေးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ ကျေးရွာ အထက်တန်းကျောင်းရှေ့မှာ ဖြတ်သွားတဲ့ အမျိုးသမီးတယောက်ကိုလည်း  စစ်ကောင်စီတပ်သားတွေက ပစ်သတ်ပြီး အလောင်းကို လက်စ ဖျောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု ၄ လောင်းဆိုတာက ကျနော်တို့ မျက်စိနဲ့မြင်တာပဲ ရှိသေးတာပါ။ သူတို့အလောင်းကောက်သွားတာက ဘယ်လောက်ရှိမယ်မသိသေးပါဘူး အလောင်းက မကောက်ရသေးဘူး၊ ဒါပေမဲ့ ဒိထက်မကရှိနိုင်ပါတယ်” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

နတ်ချောင်းကျေးရွာဟာ အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး  ရဟတ်ယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံရတာကြောင့် နတ်ချောင်း ကျေးရွာအပြင်၊ ချောင်းခွ၊ နတ်မြောင်းကျေးရွာတွေက ပြည်သူတွေပါ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ ကလေးမြို့မှာ လက်ရှိ အရမ်းအေးတဲ့ ရာသီဖြစ်တာကြောင့် အနွေးထည်နဲ့ စောင်အဝတ်အထည်တွေ လိုအပ်တဲ့အပြင် စားသောက်ရေးပါ ခက်ခဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းက နတ်ချောင်း အထက်တန်းကျောင်းထဲမှာ တပ်စွဲဝင်ရောက်လာတာကြောင့် ဒေသပြည်သူ့ကာကွယ်ရေး တပ်တွေဖြစ်တဲ့ (PDF) Kalay၊ CNDF၊ ရပ်ရွာ ပ-က-ဖ အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းမှာ စစ်ကောင်စီဘက်က ရှုံးနိမ့်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက အသာစီးရနေချိန်မှာ ရဟတ်ယာဉ်နှစ်စီးရောက်ရှိလာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ အလောင်း ၉ လောင်း၊ အာပီဂျီ ၁ လက် (ပျက်စီး)၊ လက်လုပ်မိုင်း ၁ လုံး၊ လျှပ်စစ်တိုနေတာ ၂၅၀ ခု၊ မီးရှို့ စနက်တံ ၄၀၀ ခု၊ ယမ်းကြိုး (၅၀မီတာပါ) ၄ ခွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  ပြည်သူတွေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို CNF အဖွဲ့နဲ့ PDF အဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း ဒီဇင်ဘာ ၂၃ ရက်နေ့ က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီကားနဲ့ ကောက်တင်သွားတဲ့ အလောင်းတွေဟာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာဒေသခံတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။  ဒေသခံ PDF အဖွဲ့တွေအနေနဲ့ အကျအဆုံးမရှိသလောက်နဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013