
ဟိမန္တာမှာ မြေပြိုမှုကြောင့် ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသား ၂၆၁ ဦးရဲ့ နိုင်ငံတွေကို တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံပေါင်း ၂၆ နိုင်ငံက နိုင်ငံခြားသား ၂၆၁ ယောက် ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့တာဖြစ်ပြီး တိဘက်မှာ သေဆုံးသူ ၁၆ ယောက်ရှိတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသ သတင်းစာရှင်းလင်းပွဲမှာ နီပေါနိုင်ငံက ၁၀၄ ယောက်နဲ့ အများဆုံးပါဝင်ကာ အိန္ဒိယက ၄၉ ယောက်၊ လတ်ဗီယာက ၃၃ ယောက်၊ အမေရိကန်က ၁၈ ယောက်နဲ့ ဗြိတိန်က ၁၅ ယောက် ပျောက်ဆုံးနေတယ်လို့ ပြောခဲ့တာပါ။
ပေကျင်းမှာရှိတဲ့ အာဏာပိုင်တွေကလည်း သက်ဆိုင်ရာနိုင်ငံတွေကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က ဟိမဝန္တာတောင်ရှိ ရေခဲတောင်ပြိုကျမှုကြောင့် ရေခဲတွေ၊ ကျောက်တုံးတွေ အပျက်အစီးတွေဟာ ဟိမဝန္တာရှိ မြစ်တွေထဲကို ပြင်းထန်တဲ့အရှိန်နဲ့ ကျဆင်းခဲ့တာဖြစ်ပါတယ်။
တိဘက်၊ နီပေါနယ်စပ်မှာ ရုတ်တရက် ရေကြီး၊ မြေပြိုမှုတွေကြောင့် လူထောင်ပေါင်းများစွာ ပျောက်ဆုံးနေပြီး တရုတ်နိုင်ငံက နိုင်ငံခြားသားတွေရဲ့ နိုင်ငံတွေကို ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံ ဂီလောင်မှာ လူ ၁၆ ယောက် သေဆုံးခဲ့ပြီး ၅၄၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
နီပေါမှာတော့ သဘာဝဘေးကြောင့် သေဆုံးသူ ၆၇၅ ယောက်ထက်မနည်းရှိပြီး ၂,၄၉၈ ယောက် ပျောက်ဆုံးနေကာ ၇,၅၁၄ ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လက်ရှိအချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်နေပေမဲ့ ရေထပ်ကြီးနိုင်တဲ့ အခြေအနေလည်း ရှိတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ရိုက်တာကို ပြောပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ ရေခဲမြစ်တွေ အရည်ပျော်ကျတဲ့ ဖြစ်စဉ်က သဘာဝဘေးအန္တရာယ်ကြီးတွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း CCTV က ထုတ်ပြန်ကြေညာထားပါတယ်။
ရေခဲမြစ်တွေနဲ့ပတ်သက်ပြီး ဒီလို ရုတ်တရက် ရေကြီး မြေပြိုမှုတွေဟာ ထင်ရှားတဲ့ ဘေးအန္တရာယ်အသစ်တွေပဲ ဖြစ်ပါတယ်။











