
ဆီးရီးယားနိုင်ငံရဲ့ မြေထဲပင်လယ်ကမ်းရိုးတန်းဆီ သွယ်တန်းထားတဲ့ ကာလကြာရှည် မသုံးတော့တဲ့ ရေနံစိမ်းတင်ပို့မှု ပိုက်လိုင်းကို ပြန်ဆောက်ဖို့ နားလည်မှုစာချွန်လွှာ (MoU) ကို အီရတ်နဲ့ ဆီးရီးယား အစိုးရတို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ အီရတ်အစိုးရက ဇူလိုင် ၁၈ ရက်မှာ ကြေညာပါတယ်။
ဒီစီမံကိန်းဟာ ပို့ကုန်လမ်းကြောင်းတွေကို ကွဲပြားစေဖို့၊ စွမ်းအင်အခြေခံ အဆောက်အအုံတွေကို မြှင့်တင်ဖို့နဲ့ ဒေသတွင်းစွမ်းအင်လုံခြုံရေးကို မြှင့်တင်ဖို့ မဟာဗျူဟာမြောက် အမြော်အမြင်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ အီရတ်ရေနံဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန် ပြောပါတယ်။
၁၉၅၂ ခုနှစ်မှာ မူလက တည်ဆောက်ခဲ့တဲ့ ပိုက်လိုင်းဟာ အီရတ်မြောက်ပိုင်းက ရေနံကြွယ်ဝတဲ့ ကီယာကွတ်ဒေသကနေ ဆီးရီးယားနိုင်ငံရဲ့ မြေထဲပင်လယ်ဆိပ်ကမ်းမြို့ ဘာနီယာစ်အထိ ကီလိုမီတာ ၈၀၀ လောက် ရှည်ပါတယ်။
အီရန်-အီရတ်စစ်ပွဲနဲ့ အီရတ်စစ်ပွဲအတွင်း ပျက်စီးသွားပြီးတဲ့နောက် နှစ်ပေါင်းများစွာ ပိတ်ထားခဲ့ရတာပါ။
အမေရိကန် ရေနံကုမ္ပဏီကြီး ရှယ်ဗရွန်နဲ့ ဆွစ်ဇာလန် အခြေစိုက် ရေနံ တူးဖော်ရေးကုမ္ပဏီ ထရန်စ်အိုးရှန်းတို့နဲ့အတူ ကာတာအခြေစိုက် နိုင်ငံတကာ ဆောက်လုပ်ရေးဝန်ဆောင်မှုကုမ္ပဏီ Urbacon Trading and Contracting တို့ ပါတဲ့ လုပ်ငန်းရှင်ကြီးများအဖွဲ့က စီမံကိန်းကို အကောင်အထည်ဖော်မယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ပိုက်လိုင်းရဲ့ နောက်ဆုံးစွမ်းရည်ကို လာမဲ့ နည်းပညာနဲ့ အင်ဂျင်နီယာ လေ့လာမှုအဆင့်မှာ ဆုံးဖြတ်မယ်လို့ ထပ်ပြောပါတယ်။
စီမံကိန်းရဲ့ မျှော်မှန်းထားတဲ့ အကျိုးကျေးဇူးတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအသစ်တွေနဲ့ အီရတ်ရေနံစိမ်းကို ကမ္ဘာ့ဈေးကွက်တွေဆီ တင်ပို့ဖို့ မဟာဗျူဟာကျတဲ့ စင်္ကြံတခု ဖန်တီးတာ၊ ဆီးရီးယားနဲ့ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်တာတို့ ပါမယ်လို့ ဝန်ကြီးဌာနက မှတ်ချက်ပြုပါတယ်။
အမေရိကန်နဲ့ အီရန်အကြား ပဋိပက္ခကြောင့် ပေါ်လာတဲ့ ဟော်မုဇ်ရေလက်ကြားက အနှောင့်အယှက်တွေကြောင့် အီရတ်က ရေနံတင်ပို့ဖို့ ထွက်ပေါက်တွေကို တိုးချဲ့ဖို့ ကြိုးပမ်းနေချိန်မှာ သဘောတူညီချက် ထွက်လာတာလည်း ဖြစ်ပါတယ်။
အီရတ်နိုင်ငံရဲ့ စီးပွားရေဟာ အမျိုးသားဘဏ္ဍာရေးဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ဖြည့်ဆည်းပေးတဲ့ ရေနံစိမ်းတင်ပို့မှုအပေါ် အများကြီး မှီခိုနေရပါတယ်။
Source: Reuters











