Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့အနီး စစ်ကောင်စီတပ်နှင့် TN.PDF တိုက်ပွဲဖြစ်
DVB
·
December 24, 2021
269290238_1000223170837956_677679310440602929_n

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အထွက်(ဗြုန်းတောင်အနီး) လားရှိုး-မူဆယ်ကားလမ်းမကြီးဘေးမှာ စစ်ကောင်စီရဲ့တပ်နဲ့ သိန္နီမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့(TN.PDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက် ၂ နာရီလောက်က ကွတ်ခိုင်မြို့ဘက်ကိုဦးတည်ပြီး ခြေလျင်တက်လာတဲ့ စစ်ကောင်စီရဲ့  ရှေ့ပြေးစစ်ကြောင်း အင်အား ၅၀ နီးပါးကို  TN.PDF ပြောက်ကျားအဖွဲ့က သိန္နီမြို့ အထွက် ဗြုန်းတောင်အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ်အနည်းငယ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီရဲ့တပ်က မြို့တွင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

သိန္နီမြို့ခံပြည်သူတစ်ဦးက “မနက် စောစောတည်းက တိုက်ပွဲဖြစ်နေတာ။ မြို့နားမှာဖြစ်တော့ အသံက ကြားနေရတယ်။ ပစ်ခတ်သံက မိနစ်အနည်းငယ်ပဲကြားလိုက်တယ်။ ခဏနေ ခွေးဟောင်သံတွေ မြို့တွင်းမှာ ဆူညံနေလို့ထကြည့်တော့ မြို့တွင်းကို တပ်ကပြန်ဆုတ်လာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီရဲ့တပ်မ ၉၉ က အဓိကဦးဆောင်ပြီး အင်အား ၄၀၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့တပ်တွေဟာ လားရှိုး- သိန္နီကြား မိုင်းလီကျေးရွာအနီးမှ စတင်ကာ စစ်ကြောင်း ၆ ကြောင်းခွဲကာ ခြေလျင်ချီတက်လာပြီး သိန္နီမြို့နယ်ဘက်သို့ ဦးတည်ခဲ့တယ်လို့  TN.PDF သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဆက်လက်ပြီး နေ့လယ် ၁ နာရီလောက်မှာ သိန္နီမြို့ကနေ စစ်ကောင်စီရဲ့တပ်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီး ကွတ်ခိုင်မြို့ကို ပြန်လည်ဦးတည်ထွက်ခွာလာခဲ့ရာ သိန္နီ-ကွတ်ခိုင်ကြား၊ မန်ပြိန်းရွာ အပေါ်ဘက် ဘုရားတောင်အနီး တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့တပ်တွေဟာ အထိနာခဲ့တဲ့အတွက် ပြန်လည်ဆုတ်ခွာသွားခဲသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး မသိရှိရသေးဘူးလို့  TN.PDF က ဆိုပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြည်ထောင်စုလမ်းပေါ် သွားလာနေတဲ့ ယာဉ်တွေ မိနစ်အနည်းငယ်ကြာ ယာဉ်သွားယာဉ်လာ ရပ်နားထားခဲ့ရပါတယ်။

သိန္နီမြို့နယ် အနီးတစ်ဝိုက်မှာ စစ်ကောင်စီရဲ့တပ်စစ်ကြောင်းတွေဟာ အင်းအားအလုံးရင်းနဲ့ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အတွက် မဟာမိတ်တိုင်းရင်းသားလက်ကိုင်တပ်တွေနဲ့ TN.PDF အဖွဲ့တွေက စစ်ကောင်စီတပ်တွေကို အပြင်းအထန် တိုက်ခိုက်ချေမှူန်းသွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ချိတ်ဆက်သတင်းပေးပို့ဖို့နဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ TN.PDF အဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024