DVB Logo
Home
မြန်မာသတင်း
စစ်ကြောရေးတွင် ညှဉ်းပန်းအသတ်ခံရသူများအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၆၅ ဦးရှိလာ
DVB
·
December 24, 2021
စစ်ကြောရေးတွင် ညှဉ်းပန်းအသတ်ခံရသူများအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၆၅ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၆၅ ဦးထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၂၀၀ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄၀၃ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ ဦးရှိပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့က စစ်ကောင်စီတပ် ဖမ်းဆီးသွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးကျေးရွာမှ ရွာသား ၁၉ ဦးအနက် အသက် ၆၇ နှစ်အရွယ် ဦးမောင်ယို နှင့် အသက် ၄၇ နှစ်အရွယ် ဦးစိုးတင့်တို့ နှစ်ဦးဟာ တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းမှာ ထိန်းသိမ်းခံထားရစဉ် ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ကျန်ရွာသား ၁၇ ဦးဟာ တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းမှာ ချုပ်နှောင်ခံထားရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ နဲ့ အမှုဖွင့်ခြင်းခံထားရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီလောက်ကလည်း ဆိုင်ကယ်စီး ပြန်လာတဲ့ လူငယ်တစ်ဦးကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ နှမ်းကုန်းကျေးရွာစစ်ဆေးရေးဂိတ်မှာ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် အခင်းဖြစ်နေရာမှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးသွားခဲ့တဲ့လူငယ်ဟာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ဆင်မနီကျေးရွာအုပ်စု၊ မိုးဆယ်ကျေးရွာတွင်နေထိုင်တဲ့ ကိုဆန်းမင်းအောင် ဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013