
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တောင်ပိုင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်တစ်စီးနဲ့ လေကြောင်းကနေပစ်ခတ်တာတွေ စတင်ပြုလုပ်နေပါတယ်။
ဒီနေ့မနက်ပိုင်းက ပုလဲမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပုလဲ PDF တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က အခြေအနေမကောင်းတဲ့အတွက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ မုံရွာမြို့က ရဟတ်ယာဉ်တစ်စီးရောက်ရှိလာပြီး ကန်ပေါက်ကျေးရွာနဲ့ ညောင်ကုန်းကျေးရွာတွေအနီး ပတ်ဝန်းကျင်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ပုလဲမြို့ခံတစ်ယောက်က ပြောပါတယ်။
ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ် အင်အား ၁၀၀ လောက်အထိ ဖြန့်ထားပြီး အင်အား ၃၀ လောက်ပါတဲ့စစ်ကြောင်းနဲ့ PDF တွေ ထိတွေ့မှုဖြစ်ပြီးနောက်ပိုင်းမှာ အခုလို လေကြောင်းကနေ တိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။
ပုလဲမြို့ခံတစ်ဦးက "သူတို့ဘက်က ဘယ်လိုမှ အခြေအနေမကောင်းတော့ လေကြောင်းကို အကူအညီတောင်းပုံရတယ်။ ကျနော်တို့ကတော့ ရဟတ်ယာဉ်ပျံသွားတာကို PDF တွေဆီ ကြိုတင်အကြောင်းကြားနိုင်ခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးဘူး။"
စစ်ကိုင်းတိုင်း၊ ချင်းပြည်နဲ့ မကွေးတိုင်းနယ်စပ်ကို စစ်ကောင်စီက နည်းမျိုးစုံသုံးပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။
ချင်းပြည်နယ် မင်းတပ်မြို့အနီးမှာလည်း ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ မင်းတပ် CDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက်က မင်းတပ်မြို့နယ် ခွီးရိန်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ အချိန်တစ်နာရီကြာတိုက်ပွဲမှာ စစ်သား ၃ ယောက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး ၄ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၅ ယောက်အထိရှိခဲ့ပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီနေ့လည်းအချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ပြီး အပြန်အလှန်စောင့်ကြည့်နေကြတယ်လို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့နယ် ရှစ်မွေး၊ လာပန်းနဲ့ ဝမ္မသူး လှိရုံးကျေးရွာတွေဘက်ကို အင်အား ၈၀ ဝန်းကျင်စီ ပါဝင်တဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်စတင်ခဲ့တာပါ။
ချင်းပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ် ယောဒေသ၊ ဂန့်ဂေါမြို့နယ်ကိုလည်း စစ်ကောင်စီက လေကြောင်းပစ်ကူတွေပါ အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ပုလဲမြို့နယ်အတွင်း နာမည်ကြီးနေတဲ့ ဗိုလ်နဂါးရဲ့နယ်မြေကို စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ပါ စတင်တိုက်ခိုက်လာတာဖြစ်ပါတယ်။