
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်လောက်က စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နယ်မြေ ရှင်းလင်းရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာအတွင်းက ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာတွေ ယူဆောင်တာအပြင် နေအိမ်တွေကို ဖျက်ဆီးခဲ့တာကြောင့် အခုလို တိုက်ပွဲဖြစ်ပွားရတာလို့ သိရပါတယ်။
အဲဒီလို လုပ်ဆောင်တာတွေအပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ပြည်သူတွေကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၁၉ ရက်ကတည်းက ဘန့်ဘွေးရွာမ ကျေးရွာမှာ ရောက်ရှိနေတာဖြစ်ပြီး တပ်စွဲထားတာ ၅ ရက်တိုင်တိုင်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတာကြောင့် ဘန့်ဘွေးရွာမ ကျေးရွာအပါအဝင် ထန်းဇင်ကျေးရွာ၊ လက်ပန်ကျေးရွာနဲ့ ကံစုကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာမနေရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီအဖွဲ့တပ်စွဲထားတဲ့ ဘန့်ဘွေးရွာမ ကျေးရွာဟာ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းဘေးမှာတည်ရှိတာဖြစ်ပြီး အချိန်မရွေးပစ်ခတ်မှုရှိလာနိုင်တာကြောင့် ခရီးသွားပြည်သူ တွေအနေနဲ့ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ကိုလည်း PDF ပူးပေါင်းအဖွဲ့ တွေက အသိပေးထားပါတယ်။
ဒီဇင်ဘာ ၂၂ ရက်ကလည်း ယင်းမာပင်မြို့နယ်အတွင်းမှာ နယ်မြေရှင်းလင်းရေးအကြောင်းပြ လှည့်လည်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူ သောင်းချီထွက်ပြေးကြခဲ့ရသလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်