DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေစျေးကျဆင်းပြီး ပြည်တွင်းရွှေ ဈေးပြန်တက်လာ
DVB
·
December 22, 2021
ကမ္ဘာ့ရွှေစျေးကျဆင်းပြီး ပြည်တွင်းရွှေ ဈေးပြန်တက်လာ
Donate to DVB

ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာကျော်အထိ တဖြည်းဖြည်းအကျ ရှိလာပေမဲ့ ပြည်တွင်း အကယ်ဒမီ ရွှေစျေးကတော့ တကျပ်သားကို ကျပ် တသောင်းနီးပါး စျေးပြန်တက်လာတာတွေ့ရတယ်လို့ စျေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှနေ့စဉ်ထုတ်ပြန်နေတဲ့ ကမ္ဘာ့ရွှေနဲ့ မြန်မာ့ရွှေ စျေးနှုန်းကိုကြည့်ရင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်၊ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၀၁ ဒေါ်လာ ရှိခဲ့ပြီး ပြည်တွင်း အကယ်ဒမီ ရွှေစျေးကလည်း တကျပ်သားကို ၁၇ သိန်း ၉ သောင်း ၉ ထောင် ရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီခွဲအချိန်မှာ  ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၈၇ ဒေါ်လာသာရှိလို့ နှစ်ရက်အတွင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာအထိ တဖြည်းဖြည်းလျှော့ကျမှုရှိခဲ့တာပါ။ ဒါပေမဲ့ ပြည်တွင်း အကယ်ဒမီရွှေစျေးကတော့ တကျပ်သားကို ၁၈၈,၅၀၀ ကျပ်ရှိတာကြောင့် နှစ်ရက်အတွင်းမှာ ၁ သောင်းနီးပါး မြင့်တက်လာပါတယ်။

ရွှေစျေးကွက်စောင့်ကြည့်လေ့လာသူတဦးက “ကမ္ဘာ့ရွှေစျေး အတက်အကျပေါ်မူတည်ပြီး ပြည်တွင်းရွှေစျေးကလည်း အတက်အကျ ရှိတာပါ။ ဒီနေရာမှာ ကမ္ဘာ့ရွှေစျေးက ကျလာပြီး ပြည်တွင်းရွှေစျေးက ဘာလို့ လိုက်မကျတာလဲပေါ့။ ဆိုတော့ ပြည်တွင်း အမေရိကန်ဒေါ်လာတန်ဖိုးအပေါ် မူတည်ပြီး တွက်ချက်ရတာပါ။ ဒီမှာ ဒေါ်လာတန်ဖိုးကလည်း ဗဟိုဘဏ်ကသာ ရည်ညွှန်းငွေလဲနှုန်းသတ်မှတ်ထားပေမယ့် သူ့နှုန်းနဲ့ အရောင်းအဝယ်ဘယ်သူမျှ မလုပ်ကြဘူးနော်။ ဒီကနေ့ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ငွေလဲနှုန်းက တဒေါ်လာကို ၁၉၀၀ ကျပ်ဆိုတော့ ဒီနှုန်းနဲ့ ကမ္ဘာ့ရွှေစျေးအပေါ် အခြေခံပြီး တွက်ရင် ပြည်တွင်းရွှေစျေးက တကျပ်သားကို ၁၈ သိန်း ၁ သောင်း ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ရွှေစျေးကသာ အကျရှိလာပြီး ပြည်တွင်းရွှေစျေး မကျတာ” လို့ ပြောပါတယ်။

ရွှေဝယ်ရောင်းလုပ်ကိုင်သူတဦးကလည်း “ပြည်တွင်းရွှေစျေးနဲ့ ကမ္ဘာ့ရွှေစျေးအကြားမှာ ကွာဟချက်က သိပ်ပြီးတော့ မရှိပေဘူး။ တကယ်လို့များပေါ့ ကွာဟချက်က များသွားလို့ရှိရင် ဥပမာ- ပြည်တွင်းရွှေစျေးက နိမ့်နေမယ်ဆိုရင် ကမ္ဘာ့ရွှေက အလုံးအရင်းနဲ့ ဝင်လာကြမှာနော်။ အဲ့လိုပဲ ကမ္ဘာ့ရွှေစျေးက တအားမြင့်နေပြီး ပြည်တွင်းရွှေစျေးက နိမ့်နေတယ်ဆိုရင်လည်း ပြည်တွင်းရွှေတွေက အလုံးအရင်းနဲ့ ထွက်သွားကြမှာ ဖြစ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာဆိုရင်လည်း ပြည်တွင်းရွှေစျေးကွက်မှာ ဝယ်လိုအား၊ ရောင်းလိုအားက မျှတတဲ့အခြေအနေမှာ ရှိနေတာကြောင့် ပြည်တွင်းရွှေစျေးက တက်လာဖို့ အကြောင်းမရှိဘူးလို့ အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပါတယ်။

“အခုအချိန်က ပွင့်လင်းရာသီ ရောက်သွားပြီ။ ပွင့်လင်းရာသီရောက်တဲ့အချိန်မှာ ပဲ၊နှမ်း၊စပါးတွေက ပေါ်လာကြပြီ။ မိုးတွင်းမှာဆိုရင်တော့ ဒီပစ္စည်းတွေက သိပ်မရှိဘူး။ မရှိတဲ့အတွက် ဒါကို တနှစ်စာအတွက်ဆိုပြီး လှောင်တဲ့သူတွေက ရွှေတွေကို ပြန်ထုတ်ရောင်းကြတယ်။ ရောင်းပြီးလို့ရတဲ့ ငွေနဲ့ သူတို့က ပဲ၊နှမ်း၊စပါးကို ပြန်လှောင်ကြတယ်ပေါ့။ ဆိုတော့ ဒီအချိန်က ရွှေအပေါ်မှာ အားစိုက်မှုလျှော့ နည်းသွားတာကြောင့် အရပ်ထဲမှာ ရောက်နေတဲ့ ရွှေတွေက စျေးကွက်ထဲ ပြန်ဝင်လာကြတယ်။ ဒါက တချက်ပေါ့။ ထိုနည်းတူပဲ မိုင်းတွေထဲမှာ အောက်ရေက စစ်သွားပြီနော်။ အဲ့တော့ မိုင်းတွေဆီက လုပ်ငန်းတွေ လည်ပတ်နေပြီဖြစ်လို့ ရွှေကုန်ကြမ်းတွေကလည်း ပြန်ထွက်နေတာကြောင့် စျေးကွက်မှာ ရွှေအဝင်က များလာတယ်။ ဒါက ဒုတိယအချက်ပေါ့နော်။ အဲ့တော့ စျေးကွက်မှာ ရွှေအဝင်များတဲ့အတွက်ကြောင့် ရွှေစျေးက တက်လာစရာအကြောင်းမရှိတော့ဘူး။ သို့သော် မမျှော်မှန်းနိုင်တဲ့ အကြောင်းတရား တခုခုဖြစ်လာရင်တော့ လူတွေက ဝိုင်းပြီး ဝယ်ကြတယ်။ ဒါကြောင့် ပုံမှန်ပြောရရင် ရွှေစျေးက ဒီအချိန်မှာ တက်ဖို့ ခဲယှဉ်းတယ်နော်။”

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက အမြင့်ဘက်ကို ဦးတည်လာခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ စက်တင်ဘာ ၂၉ ရက်နေ့က  တစ်ကျပ်သားကို ကျပ် ၂၂ သိန်းဝန်းကျင်ထိ စံချိန်တင်အမြင့်ဆုံးစျေးကို ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013