
ကရင်နီပြည်နယ်၊ ဒီးမောဆို့မြို့နယ်အနောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် တယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူလည်း ရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးက ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၁ နာရီဝန်းကျင်နဲ့ ၂ နာရီဝန်းကျင်တို့မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် စက်သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် လူ ထိခိုက်သေဆုံးတဲ့အပြင် အဆောက်အအုံတခုနဲ့ ကားထိခိုက်ပျက်စီးတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “တခါကြဲရင် ၂ လုံး ၃ လုံး အဲဒီလို ဆက်တိုက်ကြဲတာ၊ လေယာဥ်ကလည်း အတော်နိမ့်၊ ၂ ယောက် အရေးပေါ် ကားပေါ် ပါသွားတယ်၊ ညနေ ထပ်ကြဲတော့ တယောက် ဆုံးတယ် ကြားတယ်”လို့ ပြောပါတယ်။
စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ရှောင်ပြည်သူတွေရှိတဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ ၂၀၂၆ ခုနှစ်မှာ ပိုမိုပြုလုပ်လာတဲ့အတွက် စစ်ရှောင်နဲ့ ဒေသခံပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ပါတယ်။
စစ်တပ်က လွိုင်ကော်မြို့မှာ တိုင်းစစ်ဌာနရွေ့ပြီး၊ ပွင့်လင်းရာသီလည်း ဖြစ်လာတာကြောင့် လေကြောင်းကနေ ဗုံးကြဲတာ၊ စက်သေနတ်နဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပိုလုပ်လာနိုင်လို့ သတိထားနေထိုင်ကြဖို့ကိုလည်း အချင်းချင်းသတိပေးတာတွေရှိပါတယ်။










