DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်နှင့်အဆက်ဖြတ်ရန် ဂျပန်အစိုးရကို HRW တောင်းဆို
DVB
·
December 21, 2021
မြန်မာစစ်တပ်နှင့်အဆက်ဖြတ်ရန် ဂျပန်အစိုးရကို HRW တောင်းဆို
Donate to DVB

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး ဖြတ်တောက်ပြီး မြန်မာဗိုလ်လောင်းတွေ ပါဝင်တဲ့ စစ်ပညာသင်ကြားရေးအစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းဖို့  လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က ဒီဇင်ဘာလ ၂၀ ရက်မှာ ပြောပါတယ်။ 

ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဂျပန်နိုင်ငံ အမျိုးသားကာကွယ်ရေးအကယ်ဒမီမှာ မြန်မာနိုင်ငံမှ ဗိုလ်လောင်း ၈ ယောက်ကို လက်ခံထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီအစီအစဉ်ကတဆင့် သင်တန်းသားတွေဟာ တိုက်ခိုက်ရေးနဲ့ လက်နက်လေ့ကျင့်ရေးအပါအဝင် ကျယ်ပြန့်တဲ့ ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းတွေနဲ့  စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှ ဗိုလ်လောင်းတွေကို စစ်ရေးလေ့ကျင့်မှုသင်တန်းတွေ ပေးနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်တပ် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြန်မာပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာဟာ အံ့သြစရာပဲလို့ HRW အာရှအစီအစဉ်အရာရှိ တက်ပ်ပီခါစိုင်းက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ ခုလို မြန်မာဗိုလ်လောင်းတွေကို သင်တန်းပေးနေတာအပြင် မြန်မာစစ်တပ်နဲ့ တခြားဆက်ဆံရေးတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းသင့်ဖို့လည်း တိုက်တွန်းပါတယ်။

ဂျပန်နိုင်ငံဟာ ကာကွယ်ရေးဝန်ကြီးရဲ့ သဘောတူညီချက်နဲ့ အကယ်ဒမီကျောင်း အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံတွေမှာ နိုင်ငံခြားသားတွေကို လေ့ကျင့်သင်ကြားခွင့်ပြုထားတဲ့ ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့အက်ဥပဒေ ပုဒ်မ ၁၀၀ အရ ၂၀၁၅ ခုနှစ်ပ စတင်ပြီး မြန်မာနိုင်ငံမှ ဗိုလ်လောင်းတွေကို လက်ခံခဲ့တာလို့ ဧပြီ ၁၄ ရက်က ပြုလုပ်တဲ့ နိုင်ငံခြားရေးကော်မတီ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာနအရာရှိ မာဆာဟိရို ကာဝါဆကီ က ပြောပါတယ်။ 

မြန်မာနိုင်ငံရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ဂျပန်က ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးထား စဉ်းစားရမယ်လို့လည်း ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးကတည်းကဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ရွေးကောက်ခံ အစိုးရအရာရှိတွေကို လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဂျပန်အစိုးရက တောင်းဆိုခဲ့ပါတယ်။

လက်နက်မဲ့အရပ်သားတွေအပေါ် တပ်မတော်ရဲ့ စစ်အင်အားအသုံးပြုမှုနဲ့ပတ်သက်ပြီး  မတ်လ ၂၈ ရက်ကလည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ  တခြားနိုင်ငံ ၁၁ နိုင်ငံနဲ့အတူ ပူးတွဲကြေညာချက်ထုတ်ပြန် ဝေဖန်ရှုတ်ချခဲ့ပါတယ်။

ဂျပန်အစိုးရဟာ ၂၀၂၁ ခုနှစ်အစောပိုင်းက လူသားချင်းစာနာမှု အကူအညီမဟုတ်တဲ့ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ (ODA) စီမံကိန်းအသစ်တွေကို ရပ်ဆိုင်းခဲ့ပြီး ရှိပြီးသား အကူအညီပေးရေး စီမံကိန်းတွေကို ဆက်လုပ်ခွင့်ပြုပါတယ်။

ဂျပန်လွှတ်တော်ကလည်း မြန်မာပြည်က စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့ပြီး ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို အမြန်ပြန်လည်ထူထောင်ဖို့ တောင်းဆိုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဇွန်လမှာ အတည်ပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံရဲ့ အဓိက ကာကွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်တဲ့ သြစတြေးလျဟာအာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်ရဲ့နှိမ်နင်းမှုကြောင့် မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားတယ်လို့   မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်အနေနဲ့ သြစတြေးလျနဲ့ လိုက်လျောညီထွေဖြစ်သင့်ပြီး မြန်မာစစ်တပ်နဲ့ ချက်ချင်း အဆက်အသွယ်ဖြတ်သင့်ပါတယ်လို့ HRW အရာရှိ တက်ပ်ပီခါစိုင်းက ပြောကြားခဲ့ပါတယ်။

ဂျပန်ဟာ မြန်မာစစ်သားတွေကို လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့်  မြန်မာရဲ့ အလွန်အမင်း ရိုင်းစိုင်းတဲ့ လက်နက်ကိုင်တပ်တွေကို ထောက်ခံအသိအမှတ်ပြုပေးနေတာမျိုး မဖြစ်သင့်ပါဘူး လို့လည်း ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013