ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမအနီး တောနော်ရေတံခွန်မှာ ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် ၁၂ နာရီလောက်က KNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူတာဝန်ရှိသူဆီက သိရပါတယ်။
ဒေါနတောင်ပေါ်ကို နယ်မြေဖြတ်ကျော်ပြီး ခြေလျင်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၁၈၊ တပ်ရင်း ၂၇ တို့နဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ကေအန်ယူတာဝန်ရှိသူတစ်ဦးက “သူတို့က ခြေလျင်တက်လာတော့ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်တာ။ စကစဘက်က ဒုရင်းမှူးအပါအဝင် ၂ ဦး သေတယ်။ ဒဏ်ရာရတာက ၂ ဦးရှိတယ်” လို့ ပြောပါတယ်။
ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း ဒီဇင်ဘာ ၁၅ ရက်ကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ နေရာအနှံ့ နေ့စဥ် တိုက်ပွဲတွေ ဖြစ်ပွားနေသလို နှစ်ဘက် ထိခိုက်သေဆုံး ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်တွေ သေဆုံးတာ၊ ဒဏ်ရာရရှိတာနဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရတာအပြင် စစ်ယာဥ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံနေရပါတယ်။