Home
ဆောင်းပါး
လွတ်လပ်ငြိမ်းချမ်းစေသော် လေးကေ့ကော်
DVB
·
December 20, 2021

‘လေးကေ့ကော်’တဲ့ လှပသစ်လွင်ပြီး ကရင်ဂုဏ်ဆောင်တဲ့ ချစ်စရာအမည်လေးပါပဲ။ ဒေါနတောင်ခြေမှာ နှင်းမြူတွေ ဝေ့ဆိုင်းလို့ ၊ ဟိုးခပ်လှမ်းလှမ်းက တသွင်သွင်စီးဆင်းနေတဲ့ တငြိမ့်ငြိမ့် သောင်းရင်းအလှနဲ့ လေးကေ့ကော်ဟာ ငြိမ်းချမ်းဆိတ်ငြိမ်လို့။ ကြည်နူး နားခိုချင်ဖွယ်ရာ ဒေသငယ်လေးပါပဲ။ ချမ်းမြေ့ငြိမ်းချမ်းသာယာ မြို့လေးတမြို့ပေါ့။ 

မြဝတီနဲ့ဆို ၉ မိုင်လောက်ပဲ ဝေးမှာပါ။ အရင်ကတော့ ဒီနေရာမှာ တပ်မဟာ ၆ ရဲ့ ‘ဖလူးစခန်း’ တည်ရှိရာ နေရာ။ မြို့လို့ ဆိုကြပေမဲ့ ကျေးလက်အငွေ့အသက် ခြုံလွှမ်းထားတဲ့ မြို့သစ်တခုပေါ့။ ငြိမ်းချမ်းရေးအမှတ်အသားအဖြစ် “လေးကေ့ကော် ငြိမ်းချမ်းရေးစံပြမြို့တော်”လို့ အမည်သညာနဲ့ စတင်ခဲ့တဲ့ ၂၁ ရာစုရဲ့ ငြိမ်းချမ်းရေးမြို့တော်လေးပါပဲ။ ငြိမ်းချမ်းရေးစံပြမြို့တော်တဲ့။ အခုတော့ မငြိမ်းချမ်းနိုင်ပြီပဲလေ။

ဒီမြို့လေးကို ၂၀၁၅ ခုနှစ်က ‘နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်’ အရ မြို့တည်ဖို့ ရည်ရွယ်ခဲ့တဲ့နေရာ။ စာချုပ်မှာက “ပြည်တွင်းနေရပ်စွန့်ခွာ ရှောင်တိမ်းသူတွေကို သူတို့ဆန္ဒအတိုင်း မူလဒေသမှာ ပြန်လည်နေထိုင်ခြင်းကို ဦးစားပေးဆောင်ရွက်ဖို့၊ ဒါမှမဟုတ် သင့်လျော်ရာနေရာ ရွာသစ်တည်ချင်ရင်လည်း တည်ပေးဖို့၊ စတာတွေကို ဘေးကင်းလုံခြုံပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ဖြစ်အောင် ဆောင်ရွက်ပေးဖို့” ဆိုတဲ့ အချက်အရ လူ့ဂုဏ်သိက္ခာနဲ့အညီ ဘေးကင်းလုံခြုံမှု အာမခံနဲ့ တည်ပေးခဲ့တဲ့ မြို့လေးပါ။ 

NGO, INGO အဖွဲ့အစည်းတွေက အစိုးရခွင့်ပြုချက်နဲ့ ဂျပန်အစိုးရ နိပွန်ဖောင်ဒေးရှင်းရဲ့ အထောက်အပံ့နဲ့တည်ခဲ့တဲ့ မြို့သစ်လေးပေါ့။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲမှာ မြို့သစ် လွှဲပြောင်းပေးအပ်ပွဲကို နိပွန်ဖောင်ဒေးရှင်းက ကျင်းပပြီး လွှဲပြောင်းပေးအပ်ခဲ့တာ။ ရွှေ့ပြောင်းနေထိုင်သူအားလုံးပိုင်တဲ့မြို့ပေါ့။ မြို့သက်တမ်းက သိပ်မကြာသေး။ အလွန်အကျွံ ‘ငြိမ်းချမ်းရေးမြို့သစ်’ ဂုဏ်ပုဒ်ဖြစ်ခွင့်ရခဲ့တာ ၂ နှစ်ကျော်ကျော်ပဲ ရှိသေးရဲ့။ 

ဒီမြို့လေးမှာ ချစ်စရာကောင်းတာက ရန်သူ မိတ်ဆွေ မခွဲခြား စီးပွားရေးသမား၊ တောင်ယာ လုပ်ကိုင်သူနဲ့ ဆိတ်ငြိမ်ရာခိုလှုံလိုသူတွေ ဘေးမဲ့ပေးထားရာ နေရာလေးပါပဲ။ အပစ်အခတ်ရပ်စဲရေး အမှတ်လက္ခဏာဖြစ်တာကြောင့် စစ်အုပ်စုရော လက်နက်ကိုင် ကရင်တပ်မတော်ရော ဝင်ထွက်သွားလာနေခဲ့တာ။ ဒူးပလာခရိုင်အောက်မှာ ရှိသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ကြီးစိုးရာနယ်မြေလည်း ဖြစ်ခဲ့တယ်။ ‘လွတ်မြောက်နယ်မြေ’ လို့ မဆိုသာပေမယ့် သဘောညီမျှစွာ နားခိုနိုင်ခွင့်ရှိတဲ့ ‘ကြားခံနယ်မြေ’ Buffer တခု ဖြစ်ခဲ့တယ်လို့တော့ ပြောနိုင်ကောင်းပါရဲ့။

အခုတော့ အဲဒီလို သာတောင့်သာယာ ဖွယ်ကောင်းတဲ့ မြို့လေး။ အေးမြသာယာတဲ့ နားခိုသူရင်မှာ တစိမ့်စိမ့် နှစ်သိမ့် ကြည်နူးနှစ်သိမ့်စရာမြို့လေး။ မြို့အနောက်ဘက်မှာ တောင်ကုန်း တောင်တန်းတွေက ပတ်လည်ဝိုင်းလို့ လွမ်းမောဖွယ်ရာ ဖန်ဆင်းပေးနေသလိုပါပဲ။ အခုတော့ အဲဒီနှစ်သက်ဖွယ်အစုံစုံကို ဖြန့်ခင်းထားတဲ့ မြို့လေးဟာ ရင်မသည်းဖို မထိတ်သာ မလန့်သာ တုန်လှုပ်ဖွယ်ရာတွေ ဖြစ်ခဲ့ပါပြီး။ ဆိတ်ငြိမ်မှုတို့ အဝေးကို လွင့်ပျောက်သွားခဲ့ပြီပဲ။

၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ  အာဏာလုစစ်အုပ်စုရဲ့ အကြမ်းဖက် စစ်ကျွန်တွေဟာ စစ်ကြောင်း လေးကြောင်းထိုးပြီး လေးကေ့ကော်မြို့ကို ဝင်ရောက်လာခဲ့ကြတယ်။ ကြိုတင်စုစည်းထားဟန်ရှိတဲ့ စစ်သားအင်အား ၂၀၀ လောက်ဟာ ဗျူဟာကုန်းလို့ ခေါ်တဲ့ အမြောက်ကုန်းကနေ ဝင်စီးကြတာ။ ရပ်ကွက် ၆ ခုနဲ့ တည်ရှိနေတဲ့ မြို့လေးရဲ့ ရပ်ကွက် အမှတ်  ၆ ကို ဝင်ရောက်စီးနင်းခဲ့သတဲ့။ အနီးမှာရှိတဲ့ ဖလူးတောင်ကုန်းပေါ်မှာလည်း နေအိမ်နဲ့ ရပ်ကွက် တချို့ရှိတယ်။ အဲဒီနေရာကိုလည်း အာဏာလုစစ်အုပ်စုက ဝင်ရောက်ဖွေရှာ ဖမ်းဆီးခဲ့သေးတယ်။ 

အဲသလို ကရင်အမျိုးသားအစည်းအရုံးက တာဝန်ယူထားရာ လေးကေ့ကော်မြို့လေးထဲ ဝင်ရောက်စီးနင်းခဲ့တာရဲ့ အကြောင်းခံက အာဏာဖီဆန်ရေးလှုပ်ရှားမှု လုပ်ပြီး ဝန်ထမ်းဘဝကို စွန့်လွှတ်ခဲ့သူတွေ၊ ပြည်သူကာကွယ်ရေးအဖွဲ့တွေ ရှိမယ်လို့ ယူဆပြီး ဝင်ရောက်စီးနင်းခဲ့သတဲ့။ ဒါက အကြောင်းပြချက်တခုမျှသာပါ။ တကယ်တော့ ကေအန်ယူ အဖွဲ့အစည်းအပေါ်မှာ စစ်ရေးအရ ဝင်ရောက်အကဲစမ်းတာလည်း ဖြစ်မှာပါ။ 

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်က လွှတ်တော်အမတ် ဦးဝေလင်းအောင် အပါအဝင် လူ ၃၀ လောက်ကု စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုက အခုလို ဝင်ရောက်ရှာဖွေတာဟာ အခုတကြိမ်နဲ့ပါဆိုရင် ၆ ကြိမ်မြောက်ရှိပါပြီ။ အရင်အကြိမ်တွေကတော့ အခုလို ဖမ်းဆီးတာမျိုး မရှိခဲ့ဘူး။ စတင်ဖမ်းဆီးခံရသူက မြောင်းမြလွှတ်တော်အမတ် ဦးဝေလင်းအောင်လို့ သိရတယ်။ နောက်တော့ လမ်းမှာတွေ့သမျှ လူငယ်တွေကို ခေါ်ယူထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်တပ်က ဝင်ရောက်စစ်ဆေးမယ် ဆိုတာကို ကြိုသိခဲ့လို့ တချို့ကို ရွှေ့ပြောင်းပေးလို့ရတာတွေ ရှိသလို တချိုကတော့ ရွှေ့ပြောင်းမသွားခဲ့ကြဘူး။ အရင် ငါးကြိမ် ဝင်ရောက်တုန်းကလည်း  စစ်ဆေးပြီး ပြန်သွားခဲ့ကြတာဆိုတော့ ခပ်ပေါ့ပေါ့ပဲ သဘောထားခဲ့ဟန်လည်း ရှိမှာပါ။ တချို့ကတော့ ခေါင်းမာစွာနဲ့ နေမြဲတိုင်းနေသွားခဲ့ကြဟန်ပါပဲ။ အဲဒီမှာ ကေအန်ယူ တာဝန်ရှိသူတွေက ဆက်လက်မစစ်ဆေးဖို့ ဖမ်းဆီးတာတွေ မလုပ်ဖို့၊ ဖမ်းဆီးသူတွေ ခေါ်မသွားဖို့ ညှိနှိုင်းတားမြစ်ခဲ့တယ်လို့ သတင်းတရပ်က ဆိုပါတယ်။ 

ညှိနှိုင်းတားမြစ်မှုကို ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ညပိုင်းအထိ ပြုလုပ်ခဲ့ပါသေးတယ်။ အဆင်ပြေဟန် မရှိပါဘူး။ စစ်အုပ်စု အကြမ်းဖက်တပ်ဖွဲ့တွေက ရှုခင်းသာတောင်ကုန်းပေါ်ကို ပြန်တက်သွားကြတယ်။ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းရောက်တော့ စစ်အုပ်စုတပ်ဖွဲ့ဟာ လေးကေ့ကော်မြို့ထဲ ပြန်လည်ဝင်ရောက်လာပြီး ထပ်မံရှာဖွေဖမ်းဆီးမှုတွေ လုပ်လာပြန်တယ်။ ဒါ့အပြင် ပြည်သူလူထုရဲ့ နေအိမ်တချို့ကို ဖျက်ဆီးကျူးလွန်ခိုးဝှက်တာတွေအထိ လုပ်လာခဲ့တယ်။ အဲဒါကို သည်းမခံနိုင်တဲ့အဆုံး KNLA ၊ KNU ၊ PDF ၊ DKBA ၊ KNDO ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အသင့်အနေအထားနဲ့ စစ်ဆိုင်လာကြတော့တာပါပဲ။ ဒီအထိ တိုက်ပွဲမဖြစ်သေးပါဘူး။ စစ်ဆိုင်ရုံသက်သက်ပဲ ရှိပါသေးတယ်။

မနက် ၁၀ နာရီခန့်မှာတော့ စစ်အုပ်စုတပ်နဲ့ BGF  နယ်ခြားစောင့်တပ်တို့ရှိရာ တောင်ကုန်းပေါ်ကနေ သေနတ်ပစ်ဖောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာက  တိတ်ဆိတ်ငြိမ်သက်ရာ လေးကေ့ကော်မြို့လေးမှာ သေနတ်သံတွေ ဆူညံသွားခဲ့ပါတော့တယ်။ ဆောင်းနံနက်ရဲ့ ကြည်လင်တောက်ပမှုအားလုံး ယမ်းငွေ့တွေ ဖုံးလွှမ်းသွားပါတော့တယ်။ အဲဒီလို အပစ်ခတ်ခံရတော့မှ ပြည်သူလူထုကို အကာကွယ်ပေးနိုင်ဖို့အတွက် ကေအန်ယူနဲ့အတူ ပူးပေါင်းရေး တပ်ပေါင်းစုအဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ကြတယ်။  

စစ်အုပ်စုတပ်မှာ အထိအခိုက် ကျဆုံးမှုများလွန်းတာကြောင့် စစ်ပွဲကို ခဏရပ်ပြီး အလောင်းကောက်ခွင့်နဲ့ အေးဆေးစွာ ပြန်လည်ဆုတ်ခွာခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ စစ်အုပ်စုတပ်ဖွဲ့ဟာ ပြန်လည်ဆုတ်ခွာခြင်း မရှိတာကြောင့် ညနေ ၅ နာရီမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ခဲ့ပြန်တယ်။ အဲဒီလို စစ်အုပ်စုရဲ့ ရန်စကျူးကျော်စော်ကားခြင်း ခံရတာကြောင့် BGF ကလွဲပြီး ကျန်ကရင်လက်နက်ကိုင်အင်အားစုတွေဟာ တစုတစည်းတည်း ဖြစ်ပြီး စစ်ဧရိယာဟာ ပိုကျယ်ပြန့်သွားပါတော့တယ်။

လေးကေ့ကော်၊ မဲ့ထော်သလေး၊ ပဟိကလော်။ ဘီးလင်းကျသောင်းဆိပ်စတဲ့ စစ်အုပ်စုတပ်ဖွဲ့ စစ်ချီရာ လမ်းတလျှောက်လုံး တိုက်ပွဲတွေ ဖြစ်လာတယ်။ မြဝတီ၊ ကော့ကရိတ်နဲ့ သထုံမြို့နယ်တွေအထိ စစ်ရေးကူးစက် ပျံ့နှံ့သွားတယ်။ ကရင့်တပ်မဟာ ၆ သာမက တပ်မဟာ ၅ နဲ့ တပ်မဟာ ၇ တို့အထိ စစ်ရေးပူးပေါင်းလာခဲ့ကြတယ်။ စစ်အုပ်စုကလည်း လေးကေ့ကော်ကို တပ်အင်အားတွေ ထပ်မံဖြည့်တင်းလာတယ်။ အမြောက်ကုန်းက ထုတဲ့ လက်နက်ကြီးကျည် တချို့ဟာ ထိုင်းနယ်မြေပေါ် ကျရောက်ပြီး ထိုင်းဘက်ကို ပြေးရတဲ့ စစ်ပြေးတချို့ ထိမှန်ဒဏ်ရာရခဲ့တယ်။

မြဝတီနဲ့ ဝေါလေမြိုင်လမ်းတလျှောက်မှာ နှစ်ဘက် စစ်ဆိုင်ထားတယ်။ ယာဉ်အသွားအလာ မရှိတော့။ ကရင်ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေက လေးကေ့ကော်အရှေ့ဘက်  အင်းကြင်းမြိုင်ရွာ၊ မြောက်ဘက်က မဲ့ထော်သလေးရွာ စတာတွေကိုတော့ ထိန်းထားလိုက်တော့တယ်။ ဒီဇင်ဘာ ၁၆၊ ၁၇ ၊ ၁၈ နေ့အထိ ထိတွေ့တိုက်ပွဲတွေ ရှိခဲ့တယ်။ စစ်အုပ်စု အထိနာခဲ့တာကြောင့် ဒီထက်ပိုပြင်းထန်ကြီးမားတဲ့ တိုက်ပွဲကြီးတွေ ဖြစ်လာလိမ့်မယ်လို့ စစ်ရေးလေ့လာသူတွေရဲ့ စိုးရိမ်စိတ်နဲ့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ 

တဖက်မှာလည်း စစ်အုပ်စုဟာ သူ့လုပ်နေကျ ဗျူဟာအတိုင်း ကရင်ဘက်ကို ဖိဖို့ ရှမ်းမြောက်မှာ လက်နက်ကိုင်အဖွဲ့တချို့နဲ့ ဆွေးနွေးပွဲလုပ်ပြီး ချွေးသိပ်ဖို့ ကြိုးစားတာကိုလည်း ဒီဇင်ဘာ ၁၄ ရက်နေ့မှာ တပြိုင်တည်း လုပ်ဆောင်နေပါတယ်။ ဒီလုပ်ရပ်မျိုးဟာ မြန်မာ့နိုင်ငံမှာ တိုင်းရင်သားတွေနဲ့ စစ်ဖြစ်ပွားတိုင်း လုပ်နေကျမို့ ဒီတချီမှာတော့ မအောင်မြင်နိုင်ဘူးလို့ ဆိုကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်တွေ လေးကေ့ကော်မြို့တွင်း ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်ပြီး ကေအန်ယူက ကြေညာချက်တစောင်ကို ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်လို့ ဆိုတယ်။ 

ဖဒိုစောရွှေမောင်းကတော့ မယုတ်မလွန် ‘ဘယ်အတွက် မေတ္တာရပ်ခံမှန်း မပေါ်လွင်တဲ့’ ဝေ့ဝေ့ဝါးဝါး ထုတ်ပြန်ချက်တစောင် ထုတ်ပြန်လိုက်တာလည်း တွေ့လိုက်ရတယ်။ သူ ထုတ်ပြန်နေဆဲမှာပဲ ဘဟိကလော်၊ မြဝတီနဲ့ ကော့ကရိတ်ကြား အာရှလမ်းမကြီး၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပလိန်ကျေးရွာတွေမှာ စစ်အုပ်စု၊ BGF ပူးပေါင်းအဖွဲ့နဲ့ ကရင်တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာတော့တယ်။

ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာတော့ စစ်အုပ်စုတပ်တွေဟာ လေးကေ့ကော်ဘက်ဆီ ဦးတည်ပြီး အင်အားဖြည့် ချီတက်လာနေတယ်။ စစ်အုပ်စု ချီတက်ရာ လမ်းတလျှောက်မှာရှိတဲ့ ကရင့်တော်လှန်ရေးတပ်တွေကလည်း ဟန့်တားနှောင့်ယှက် ခုခံနေတာကို တွေ့လာရတယ်။ စစ်အုပ်စု တပ်သားတွေ အထိနာပြီး တပ်ရင်းမှူးပါ ကျဆုံးခဲ့တာကြောင့် စစ်အုပ်စုရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် ကိုယ်တိုင် ကွပ်ကဲဖို့အတွက် မြဝတီ ရှေ့တန်းရုံးကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် လေးကေ့ကော် ကျူးကျော်ခံရမှုကြောင့်  အန်စီအေ သဘောတူညီချက်လည်း ပျက်ပြယ်သွားခဲ့ပြီ။ ဒါ့အပြင် အဆိုးထဲက အကောင်းရလဒ်အဖြစ် တနေရာဆီမှာ ကွဲကွာခုခံစစ် ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးအင်းအာစုတွေ စုစည်းသွားခဲ့ကြတယ်။ တောင်ပေါ်မြေပြန့် သွေးစည်းခဲ့ကြတယ်။ တောင်ပေါ်ထိရင် မြေပြန့်က နာကျင်သလို မြေပြန့်ထိရင်လည်း တောင်ပေါ်က နာကျင်ခံစားတတ်လာခဲ့ကြတယ်။ လူထုစည်းလုံးမှုအသိဟာ ဝါဒဖြန့်စရာမလိုတဲ့ အတွေ့ကြုံအသိနဲ့ ညီညွတ်လာခဲ့တယ်။ အဲဒီ စုစည်းညီညွတ်မှုတွေကပဲ လေးကေ့ကော် စံပြငြိမ်းချမ်းရေးမြို့လေးကို အဖျက်သမားအန္တရာယ်က အကာအကွယ်ပေးနိုင်ပါစေကြောင်း ဆုတောင်းနေမိပါတော့တယ်။

လေးကေ့ကော် ငြိမ်းချမ်းရေးစံပြမြို့တော်လေး ဖားစည်သံတဝေဝေနဲ့ ဆက်လက်ငြိမ်းချမ်းနိုင်ပါစေ။               သောင်ရင်းမြစ်လည်း တငြိမ့်ငြိမ့် သိမ့်သိမ့်လေး ဆက်လက်စီးဆင်းနိုင်ပါစေလေ။ 

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024