DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်စစ်ရှောင် ၁၃၀ ကျော်ကို ထိုင်းက မြန်မာဘက် ပြန်လွှဲပြောင်း
DVB
·
December 19, 2021
လေးကေ့ကော်စစ်ရှောင် ၁၃၀ ကျော်ကို ထိုင်းက မြန်မာဘက် ပြန်လွှဲပြောင်း
1 / 10
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ၆ မိုင်ခန့်အကွာ လေးကေ့ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ထိုင်းဘက် တိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူ ၁၃၀ ကျော်အား ထိုင်းတာဝန်ရှိသူတွေက ဒီနေ့ညနေ နယ်ခြားစောင့်တပ် (BGF) ဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ KNLA နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၄၀၀၀ လောက် ထိုင်းနိုင်ငံ မဲဆောက်နဲ့ ဖုတ်ဖရမြို့နယ်မှာတို့မှာ လာရောက်ခိုလှုံနေကြတာပါ။

အဲဒီထဲက မဲဆောက်မြို့ စစ်ရှောင်စခန်းကနေ ဆန္ဒအလျောက် နေရပ်ပြန်လိုတဲ့ ပြည်သူ ၁၃၂ ဦးကို ထိုင်းတာဝန်ရှိသူတွေက မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ဂိတ်ကနေတစ်ဆင့် မြဝတီမြို့ကို လွှဲပြောင်းပေးခဲ့တာလို့ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)  ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်က ပြောပါတယ်။

“နှစ်နိုင်ငံ မူဝါဒနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ပြန်လာကြတော့ ပိုကောင်းတာပေါ့။ အားလုံး ဒုက္ခဖြစ်ကြတော့ သူ့အရပ်ဌာန သူတို့ ပြန်နိုင်ဖို့ပဲ တို့လည်း လုပ်ပေးနိုင်တယ်။ မူအရတော့ သူတို့ တံတားဘက်သွားရမှာ။ တံတားဘက်က တိုက်ပွဲဖြစ်တော့ ဟိုဘက်ကနေ ပြန်လာတော့ တို့မကြိုဆိုလို့ ဘယ်သူ ကြိုဆိုမလဲ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ချစ်ကြရင်တော့ ဘယ်သူမှ တိုက်ပွဲမဖန်တီးတာ အကောင်းဆုံးပဲ။ တိုက်ပွဲဖြစ်လာရင် ပြည်သူတွေ သေကျေကြမယ်။ တဘက်မှ မကောင်းဘူး။ တယောက်နဲ့တယောက် ပေါင်းစပ်ညှိနှိုင်းပြီး အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

စစ်ရှောင် အမျိုးသမီးတဦးက “မဲထော်သလေးကနေ ပြေးလာပြီး အခု ထိုင်းဘက် မဲ့တောင်ကနေ ပြန်လာတာ။ ထိုင်းဘက်က လာပို့ပေးတယ်။ ဒီက စစ်သားတွေက လာကြိုတယ်။ မဲထော်သလေးက ပစ်ကြ ခတ်ကြတော့ ထိုင်းဘက်ကမ်းကို ရောက်သွားတာ။ အခု ထိုင်းဘက်ကမ်းက ပြန်လာပြီး သာမညကို ပြန်မှာ” လို့ စစ်ဘေးရှောင်သူတဦးက ပြောပါတယ်။

ပြန်ရောက်လာတဲ့ စစ်ရှောင်တွေထဲ အချို့က နေအိမ်တွေနဲ့ ဆွေမျိုးတွေဆီမှာ ပြန်သွားကြပြီး နေစရာမရှိတဲ့သူတွေကိုတော့ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်က ကျောက်လုံးကြီး ပြန်လည်ကြိုဆိုရေးစခန်းမှာ ယာယီထားရှိမယ်လို့ သိရပါတယ်။

ဒုတိယဗိုလ်မှူးကြီး စောမုတ်သုန်က “အခု သူတို့ စုပေါင်းပြီးတော့ ဆွေမျိုးရှိတဲ့သူက ဆွေမျိုးရှိတဲ့နေရာ ပြန်ကြတယ်။ အသိရှိတဲ့သူက သူတို့အသိရှိတဲ့နေရာ လက်မှတ်ထိုးပြီး ပြန်ကြတယ်။ သာမညအဖွဲ့က ပြန်သွားပြီး အခု ဆယ်ယောက်ကျော်လောက် ကျန်သေးတယ်။ မဲထော်သလေးအဖွဲ့က သူတို့ရွာ သူတို့ ပြန်ကြမှာပေါ့။ လတ်တလော ဒုက္ခဖြစ်တဲ့အချိန်မှာတော့ အားလုံးမှာ တာဝန်ရှိတယ်။ ကူညီရမှာပေါ့။ မနက်ကတည်းက သူတို့ ထမင်းမစားရသေးလို့ အခု ထမင်းကျွေးထားတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်လက်နက်ကိုင်တပ်တွေအကြား ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် မဲထော်သလေး၊ ထီးမယ်ဝါခီး၊ လေးကေ့ကော်၊ ပဟိကလော် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ လောက် ထိုင်းဘက်မှာ လာရောက်ခိုလှုံနေကြတာပါ။

တိုက်ပွဲကြောင့် ထိုင်းဘက်ခိုလှုံနေသူ ၂၀၀ လောက် ဒီဇင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းက နေရပ်အပြန် မြဝတီခရိုင်တောင်ဘက် မဲထော်သလေးရွာအဝင်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် ပြန်ပြေးလာကြရပြီး ထိုင်းတာဝန်ရှိသူတွေက ဖုတ်ဖရမြို့နယ် မယ်ကော့ကင်းမှာ နေရာချပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013