DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်တပ်များ တိုက်ပွဲဖြစ်
DVB
·
December 19, 2021
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်တပ်များ တိုက်ပွဲဖြစ်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ချောင်းဦး၊ တောင်သာနဲ့ တမူးမြို့နယ်တို့မှာ ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တွေက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့ သပြေ‌တောကျေးရွာမှာ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၈ နာရီက စတင်ပြီး ပြည်သူ့ကာကွယ်ရေး B21 တပ်နဲ့ ကျောက်တင်မော်တော်ပေါ်က စစ်‌ကောင်စီတပ်တွေ စစ်တပ်က ၅ ဦး ကျဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ် B21 ဘက်က ၆ ဦး ဒဏ်ရာရှိခဲ့ပြီး အသက်အန္တရယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် B21 ရဲ့ တာဝန်ရှိသူတဦးက "ကျနော်တို့ မနက်ခင်းက ရွှေစာရေးမြစ်ကျဉ်းအောက်ဘက် သပြေတောကျေးရွာအနီးမှာ ထိပ်တိုက်တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က အကျဆုံးရှိသလို ကျနော်တို့ဘက်က ဒဏ်ရာရသူလည်းရှိခဲ့တယ်။ ညနေ ၄ နာရီမှာ ထပ်ပြီးတိုက်ပွဲထပ်ပြီးဖြစ်တယ်။ အဲဒါက အုန်းပင်ဆိပ်ကျေးရွာအနီးမှာဗျ။ သူတို့ဘက်က အကျဆုံးတော့ရှိနိုင်တယ်။ ကျနော်တို့ဘက်က ရဲဘော် ၁ ဦး ကျဆုံးတယ်” လို့ အတည်ပြုပြောပါတယ်။

စစ်ကောင်စီမော်တော်တွေဟာ ကနီမြို့နယ်အတွင်းကနေ ထွက်ခွာသွားပြီး လက်ရှိအချိန်မှာ ယင်းမာပင်မြို့နယ် ပတိမ်ပြင်ကျေးရွာအနီးမှာ ညအိပ်စခန်းချနေကြတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ - မြန်မာ နယ်စပ် တမူးမြို့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့ မနက် ၈ နာရီခွဲလောက်က တမူးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တမူး PDF တပ်ရင်း (၁) က တပ်ဖွဲ့ဝင် ရဲဘော်တွေဟာ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ်မှာ နဝါးမင်းသမီး ရဲကင်းရဲစခန်းက စစ်ကောင်စီတပ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ခလရ - ၂၆၆ က တပ်ကြမ်းတစ်ဦး အပါအဝင် ၂ ဦး ကျဆုံးခဲ့တယ်လို့ တမူးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူတွေ ကျန်ခဲ့တဲ့ လက်နက်တွေကို သွားရောက်ကောက်ယူစဉ်မှာ နဂါးမင်းသမီးရဲကင်းစခန်းကနေ စက်သေနတ်နဲ့ ၄၀ မမ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် လက်နက်ကောက်ယူခွင့် မရှိခဲ့ပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်က ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း တမူးမြို့နယ် ချောင်းနက်ကြီးရဲကင်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီလက်နက်ကိုင် နှစ်ဦးသေဆုံးခဲ့ပြီး လက်နက် တချို့ကိုသိမ်းယူနိုင်ခဲ့တယ်လို့ Burmese Students Organization အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း စစ်ကိုင်းဘက်ကနေ မုံရွာဘက်လာတဲ့ စစ်ကားတစ်စီးကို ချောင်းဦးမြို့အနီး ငါ့ရှန်ရွာနဲ့ နတ်ရေကန်ကြားမှာ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ Fighters People's Defence Force of Myaung -YFPDF တို့ ပူးပေါင်းမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၆ ဦး သေဆုံးတယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရမှုအခြေအနေကို ဒီဗွီဘီက အတည်မပြုနိုင်သေးဘဲ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး ပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013