DVB Logo
Home
မြန်မာသတင်း
နှမ်းခါးရွာ၌ ဒေသခံ PDF အစည်းအဝေးကျင်းပနေစဉ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရ
DVB
·
December 18, 2021
နှမ်းခါးရွာ၌ ဒေသခံ PDF အစည်းအဝေးကျင်းပနေစဉ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရ
Donate to DVB

နှမ်းခါးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ပစ်ခတ်တိုက်ခိုက်ချိန်ဟာ ဒေသတွင်း PDF ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေချိန်ဖြစ်ပြီး အတွင်းသတင်း ပေါက်ကြားတာကြောင့် အချိန်ကိုက် တိုက်ခိုက်ခံခဲ့ရတာလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီအချိန်လောက်က မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာမှာ ဒေသတွင်း PDF မဟာမိတ်ခေါင်းဆောင်တွေ အစည်းအဝေးပြုလုပ်နေတုန်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ရဟတ်ယာဉ်တစ်စီးက အချိန် ၄၅ မိနစ်နီးပါး စက်သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး တခြားရဟတ်ယာဉ် ၂ စီးက နှမ်းခါးရွာအနောက်ဘက် ရေရှင်နဲ့   နှမ်းခါးရွာနဲ့ ရဲလှရွာအကြား နေရာတွေမှာ စစ်သားတွေ နေရာချခဲ့ပါတယ်။

ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် ထိခိုက်သေဆုံးမှုမရှိခဲ့ပေမဲ့ နောက်ဆက်တွဲ မြေပြင်ပစ်ခတ်မှုတွေကြောင့် PDF တပ်သားနဲ့ပြည်သူ ၉ ယောက်နီးပါး အသက်ပေးခဲ့ရတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“အတွင်းသတင်းလို့ ပြောရမှာပေါ့။  ဖြစ်ဖို့ရာနှုန်းတအားများတယ်ဗျ။ အချိန်ကိုက် လာပစ်တာပေါ့။ သူတို့လုပ်လိုက်တဲ့ လုပ်ဆောင်မှုက ချောင်ပိတ်ရိုက်တဲ့ပုံစံမျိုးပေါ့။ ပစ်ခတ် လူလာချပြီး ပြေးပေါက်မဲ့အောင် လုပ်လိုက်တာ။ လွတ်မြောက်ကြတယ်ဗျ။ ခေါင်းဆောင်ပိုင်းတွေအားလုံး လွတ်မြောက်တယ်လို့ ပြောရမှာပေါ့။ ကျတယ်လို့တော့မကြားရဘူးဗျ။ ပြည်သူနဲ့ PDF ၇ ယောက် ဒါမှမဟုတ် ၉ ယောက်ကျတယ်လို့တော့ ကြားထားတယ်။”

ဒေသခံ PDF တွေက အခြေအနေအသေးစိတ်ကို စုံစမ်းတာတွေ ပြုလုပ်နေပြီး နှမ်းခါးရွာထဲမှာ စစ်သားတွေ တပ်စွဲထားတုန်းဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အစည်းအဝေးမှာ ချင်းပြည်နယ်ထဲက မဟာမိတ် CDF ခေါင်းဆောင်တွေ၊ စစ်ကိုင်း PDF ခေါင်းဆောင်တွေနဲ့ ယောဒေသတွင်း PDF ခေါင်းဆောင်တွေ အပါအဝင် အစည်းအဝေး တက်ရောက်သူ စုစုပေါင်း ၁၅၀ ကျော်ရှိခဲ့ပါတယ်။

ဖြစ်စဉ်ကို ပြန်သုံးသပ်ရင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ခေါင်းဆောင်တွေအနေနဲ့ အရင်ကထက် လုံခြုံရေးကို သတိပိုထားရမယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတစ်ယောက်က သုံးသပ်ပါတယ်။ စစ်ကောင်စီက အရပ်ဝတ်နဲ့ နည်းမျိုးစုံသုံးပြီး ထောက်လှမ်းနေတာ၊ ဒေသတွင်း ဒလန်တွေကို စောင့်ကြည့်တဲ့နေရာတွေမှာ ပိုအားစိုက်ဖို့လိုတယ်လို့ ဆိုပါတယ်။

ကိုမောင်မောင်ပီ(ပုလဲ)က “နှမ်းခါးနဲ့ မွှေ့လယ်ရွာအနားက မြောက်ခရမ်း၊ တောင်ခရမ်းကျေးရွာဒေသဟာ မူလက ဓားမဦးချရှိခဲ့တဲ့ရွာတွေ မဟုတ်ဘူး။ စစ်တပ်က စနစ်တကျ ပုံဖော်ခဲ့တဲ့ ကလေး-ဂန့်ဂေါလမ်းပေါ်မှာ ဗျူဟာပုံဖော်ထားတဲ့ ဒေသတစ်ခု ဖြစ်တယ်။ အထူးစိုးရိမ်ရမှာက ဂန့်ဂေါနဲ့ ကလေးကြားမှာရှိတဲ့  တောင်ခရမ်း၊ မြောက်ခရမ်း၊ ဟံသာဝတီတဝိုက်က စစ်တပ်က လျှို့ဝှက်ဖြန့်ကြက်အားကောင်းနေတဲ့အတွက် အထူးသတိထား ဆင်ခြင်ပြီးတော့ ရှေ့ဆက်ရမယ့်နယ်မြေလို့ ယူဆမိတယ်”လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို စစ်ကောင်စီက စက်တင်ဘာ ၁၀ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ၂ကြိမ်တိုင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ကြီးအိမ်ကောင်းအများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။

နှမ်းခါးရွာအနီး မွေ့လယ်ရွာမှာလည်း စစ်ကောင်စီက ဝင်ရောက်မီးရှို့ပစ်ခတ်တာတွေ ပြုလုပ်ထားပါတယ်။ 

ယောဒေသကို စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက်ပြီး နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်တာကြောင့် နောက်ဆုံးအဆင့်အနေနဲ့ လေကြောင်းပစ်ကူကိုပါ အသုံးပြုလာတာလို့ YDF ခေါင်းဆောင်တွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013