DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာလုပ်သားများကို နွေဦးတော်လှန်ရေး၏ ရဲဘော်ရဲဘက်များအဖြစ် NUG ဂုဏ်ပြု
DVB
·
December 18, 2021
ရွှေ့ပြောင်းမြန်မာလုပ်သားများကို နွေဦးတော်လှန်ရေး၏ ရဲဘော်ရဲဘက်များအဖြစ် NUG ဂုဏ်ပြု
Donate to DVB

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူအားလုံးကို မြန်မာ့ဒီမိုကရေစီအရေး နွေဦးတော်လှန်ရေးရဲ့ ရဲဘော်ရဲဘက်တွေအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုတဲ့ အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနက  ကြေညာပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့ကျရောက်တဲ့  အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အဖြစ် NUG ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက သဝဏ်လွှာထုတ်ပြန် ဂုဏ်ပြုစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာ မြန်မာရွေ့ပြောင်းလုပ်သားတွေနဲ့ ပြည်ပမှာ အခြေချနေထိုင်သူတွေဟာ  အရေးပါတဲ့ အခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်နေတာ အထူးဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ကြောင်းနဲ့ တော်လှန်ရေးအောင်မြင်ပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းမှာ ဆက်လက် ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဘေးကင်းလုံခြုံတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်စေဖို့၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေခံ အခွင့်အရေးတွေ ရရှိစေဖို့၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ NUG အစိုးရက အလေးထား စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့လည်း ဝန်ကြီးက ကတိပြုပါတယ်။

ဒါ့အပြင် ပြည်ပရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေ စည်းကမ်းတွေကို လေးစားလိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။ 

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အဖြစ် NUG အလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ တွေ့ဆုံတဲ့ အခမ်းအနားအစီအစဉ်ကို  မနက်ဖန် အွန်လိုင်းကနေ ကျင်းပဖို့လည်း ရှိနေပါတယ်။ 

ထိုင်းနိုင်ငံကို ရောက်ရှိလာကြတဲ့  ရွှေ့ပြောင်းလုပ်သားအများစုဟာ ပြည်တွင်းမှာ မိသားစုစားဝတ်နေရေး အခက်အခဲနဲ့ အလုပ်အကိုင်ရှားပါးမှုတို့ ကြောင့် လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။

ထိုင်းမှာ အလုပ်လာလုပ်တဲ့အတွက် မိသားစုအတွက် ပိုမိုအဆင်ကြောင်းနဲ့ ပြည်တွင်းရှိ မိသားစု စားဝတ်နေရေးအတွက်လည်း အထောက်အပံ့ ငွေကြေးတွေပို့ပေးနိုင်ကြတယ်လို့ မြန်မာ–ထိုင်း နယ်စပ်ရောက်  ရွှေ့ပြောင်းလုပ်သားတယောက်က ပြောပါတယ်။

မြဝတီတဘက်ကမ်း မဲဆောက်မြို့နဲ့ ထိုင်းနိုင်ငံတဝန်းမှာ   မြန်မာရွှေ့ပြောင်းလုပ်သား သန်းနဲ့ချီ နေထိုင်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး သူတို့ဟာ နွေဦးတော်လှန်ရေးအတွက်လည်း ငွေကြေး ထည့်ဝင် လှူဒါန်းနေကြသလို ခုရက်ပိုင်း ထိုင်းမြန်မာနယ်စပ်ကို  ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ အကူအညီတွေကိုလည်း ပေးပို့ လှူဒါန်းနေကြပါတယ်။ 

ကုလသမဂ္ဂစစ်တန်းအရ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာတဝန်း ရွှေ့ပြောင်းလုပ်သား ၁၆၄ သန်း အပါအဝင် ရွှေ့ပြောင်းသွား လာနေထိုင်သူပေါင်း ၂၈၁ သန်းရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းရှိကာ သူတို့ရဲ့ မိသားစုတွေထံ လွှဲပို့ငွေမှာလည်း အမေရိကန် ဒေါ်လာ ၇၁၇ ဘီလီယံရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ လေးပုံတပုံဟာလည်း ပြည်တွင်းနဲ့ ပြည်ပမှာ ရွှေ့ပြောင်းသွားလာနေထိုင် လုပ်ကိုင်ကြသူတွေဖြစ်ပြီး ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ မိသားစုလွှဲပို့ပေးငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၄ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013