DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေကို ရောက်နေ
DVB
·
December 18, 2021
မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေကို ရောက်နေ
Donate to DVB

ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကို စစ်ကြောရေးမှာ သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေကို ရောက်နေပြီလို့ ပြည်တွင်းမှာ သတင်းရယူနေတဲ့ ဓာတ်ပုံသတင်းထောက်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်နဲ့ ကိုဇော်ထွန်းတို့ နှစ်ဦးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ လသာမြို့နယ်မှာ ဖမ်းဆီးသွားခဲ့တာပါ။ တနိုင်ငံလုံး ငြိမ်သက်သပိတ် အခြေအနေကို ရန်ကုန်မြို့တွင်း ဓာတ်ပုံရိုက်ယူခဲ့တဲ့အတွက် သူတို့နှစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ရက်ပိုင်းအကြာမှာ စစ်ကြောရေးမှာ ကိုစိုးနိုင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ခုလို စစ်ကြောရေးမှာ သတင်းထောက်ကို သေဆုံးတဲ့အထိ ရိုက်နှက်စစ်ဆေးခဲ့တဲ့ အခြေအနေဟာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေနဲ့ တိုက်ရိုက်အချိုးကျနေပြီး သမိုင်းတလျှောက် အဆိုးဆုံးအခြေအနေဖြစ်တယ်လို့ ပြည်တွင်းမှာ သတင်းရယူနေတဲ့ ဓာတ်ပုံ သတင်းထောက်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီက အရပ်ဝတ်ထောက်လှမ်းရေးတွေကိုပါ လူထုအတွင်း ဖြန့်ထားပြီး တော်လှန်ရေး လူငယ်တွေနဲ့ သတင်းသမားတွေကို ဖမ်းဆီးဖို့ အချိန်ပြည့် စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံသတင်းထောက်တစ်ဦးက “အခုက ဘယ်လိုလဲဆိုတော့ လမ်းတွေမှာ စစ်ကောင်စီတပ်တွေက လျှောက်သွားနေတယ်၊ ပိုဆိုးတာက စစ်ကောင်စီ ထောက်လှမ်းရေးတွေတွေ၊ အရပ်ဝတ်တွေကလည်းရှိနေတော့ မလုံခြုံဘူး။ မလုံခြုံတဲ့ အပြင် အဆင်မပြေရင် စစ်တာ၊ အရပ်ဝတ်နဲ့ပါစစ်တာ၊ ကျနော်တို့က မြေပြင်မှာ သတင်းယူမယ်ဆိုရင်၊ ဓာတ်ပုံရိုက်မယ်ဆိုရင်တောင် ကင်မရာယူသွားဖို့ တော်တော်အခက်အခဲရှိတယ်” လို့ပြောပါတယ်။  

ဒီဇင်ဘာ ၅ ရက်နေ့၊ ကြည့်မြင်တိုင်သပိတ်ကို စစ်ကောင်စီက ကားနဲ့တိုက်၊ ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းတုန်းကလည်း Myanmar Press Photo Agency ရဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ဗွီဒီယိုသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ လက်ရှိအချိန်အထိ တပ်မတော် ခုတင် ၅၀၀ ဆေးရုံမှာ တင်ထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရကြသေးပါဘူး။ စစ်ကောင်စီက သတင်းသမားတွေကို အကြမ်းဖက် အနိုင်ကျင့်နေတာတွေကြောင့် ပြည်တွင်းက သတင်းသမားတွေဟာ သတင်းဆက်လက်ရယူဖို့ ခက်ခဲနေကြပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ တဖက်သတ်သတင်းအမှားတွေ ပိုအားကောင်းလာအောင် သတင်းမှန်ရယူ တင်ဆက်သူတွေကို အကြမ်းဖက်အနိုင်ကျင့်တာလို့ Myanmar Press Photo Agency အယ်ဒီတာတစ်ယောက်က ဝေဖန်ပါတယ်။

MPA အယ်ဒီတာ ကိုဂျေပိုင်က “ ဓာတ်ပုံထွက် မရိုက်ရဲအောင် ဖမ်းဆီးပြတယ်။ သတ်ပြတယ်။ အဓိကဘာလဲဆိုတော့ ဒီလောက်ဖမ်းဆီးနေ ဖိနှိပ်နေတဲ့ ကြားထဲက သတင်းသမားတွေ၊ သတင်းဓာတ်ပုံရိုက်တဲ့သူတွေဟာ သပိတ်တွေ၊ ဆန္ဒပြပွဲတွေ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဗီဒီယိုဓာတ်ပုံရိုက်ကျ၊ သတင်းဓာတ်ပုံရိုက်ကျတာတွေ ဆက်တိုက်ရှိနေသေးတယ်ဆိုတော့၊ အဲဒါတွေကို ထိန်းချုပ်ဖို့အတွက် အဆိုးဆုံးနည်းလမ်းတွေသုံးပြီး ကြောက်အောင် သူကလုပ်နေတာ” လို့ပြောပါတယ်။ 

ပြည်သူတွေရဲ့ သတင်းအချက်အလက်ရယူခွင့်ဟာ လူ့အခွင့်အရေးစံညွှန်းတွေအရ မဖြစ်မနေ ရယူခွင့်ရှိတဲ့ အခွင့်အရေးဖြစ်ပြီး စစ်ကောင်စီက ကန့်သတ်ခြိမ်းခြောက် တားမြစ်နေတာဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီက ကန့်သတ်ခြိမ်းခြောက်တားမြစ်တာထက်ပိုတဲ့ အသက်သေဆုံးတဲ့အထိ အနိုင်ကျင့် သတ်ဖြတ်တာကတော့ လူမဆန်မှုဖြစ်တယ်လို့ ဆိုပါတယ်။

Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့မှ  ကိုသက်ဆွေဝင်းက “ပြည်သူတွေကို သတင်းပေးပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်က ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာ အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်။ လူတွေကို သတင်းအမှောင်ချပြီးတော့ သတင်းပေးပိုင်ခွင့်၊ သတင်းသိပိုင်ခွင့်တွေကို မပေးတော့ခြင်းဟာ ရှေရှည်မှာ အမှောင်လွှမ်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်အောင်လို့ ပြန်ပြီးတော့ ရည်ရွယ်နေတာကို မြင်ရတယ်။ အင်မတန်ကို လူမဆန်တဲ့ ကိစ္စကတော့ပေါ်တယ်။  မီဒီယာသမားတွေအတွက်ကတော့ အရမ်းကို ခက်ခဲတဲ့ အခြေအနေကို ကြုံနေရတာ ကျနော်တို့ နားလည်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သတင်းသမားတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF က အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

လတ်တလောအချိန်အထိ သတင်းသမား ၅၇ ယောက်အထိ စစ်ကောင်စီက ဖမ်းဆီးထားပြီး မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေက တနိုင်ငံဖြစ်တယ်လို့လည်း RSF က ကြေညာထားပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မတ်လထဲမှာ ဒီဗွီဘီအပါအဝင် သတင်းမီဒီယာ ၅ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပြီး လက်ရှိအချိန်အထိ စုစုပေါင်းသတင်းဌာန ၉ ခုကို သတင်းမှန် ရေးသားဖြန့်ဝေခွင့် ကန့်သတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013