DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် စစ်ဆေးရေးရှောင်ပြီး တောထဲထွက်ပြေးသည့် တရားမဝင်လုပ်သား ၇၈ ဦး အဖမ်းခံရ
DVB
·
December 16, 2021
ချင်းမိုင်တွင် စစ်ဆေးရေးရှောင်ပြီး တောထဲထွက်ပြေးသည့် တရားမဝင်လုပ်သား ၇၈ ဦး အဖမ်းခံရ
Donate to DVB

ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် အုမ်းကွယ်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်က စစ်ဆေးရေးကိုရှောင်ပြီး တောထဲထွက်ပြေးကြတဲ့ တရားမဝင် မြန်မာအလုပ်သမား ၈၀ ကျော်ထဲက  ၇၈ ဦး အဖမ်းခံရတယ်လို့  ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီကျော်လောက်က အုမ်းကွယ်မြို့နယ် ယန်းပျိန့်ကျေးရွာအုပ်စု ပါယန်ကျောက်သစ်တောကြိုးဝိုင်းဧရိယာထဲမှာ သစ်တောဘက်ဆိုင်ရာဝန်ထမ်းတွေက လုံခြုံရေး ယူနေစဉ် တောလမ်းထဲကနေ  ကား ၇ စီးလောက် ဖြတ်မောင်းလာတယ်လို့ သစ်တောဝန်ထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါကားတွေကို သင်္ကာမကင်းဖြစ်တာကြောင့် စစ်ဆေးဖို့တားဆီးခဲ့ကြောင်း၊ ဒါပေမယ့် ကားတွေက ရပ်မပေးဘဲ မောင်းပြေးသွားကြလို့ တာဝန်ရှိသူတွေက သူတို့နောက်ကိုကားနဲ့ လိုက်လံခဲ့ကြောင်း၊ တနေရာမှာ ကားတစ်စီး လမ်းဘေးမှာထိုးရပ်ထားလို့ ဆင်းကြည့်တော့ လူမရှိဘဲ အနီးနားတဝိုက်လိုက်ရှာရာမှာ အမှောင်ထဲပုန်းနေတဲ့ လူ ၂ ယောက်ကို အရင်ဖမ်းမိ ခဲ့ပါတယ်။ 

ဖမ်းမိသူနှစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်အရ သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားကို ၁ ဦး ဘတ် ၂၅၀၀၀ နဲ့ ပေးပြီး လူပေါင်း ၈၀ ကျော် ဝင်လာကြောင်း၊ စစ်ဆေးရေးနဲ့တွေ့တော့ ကားပေါ်ကဆင်းပြီး တောထဲ ထွက်ပြေးပုန်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

သစ်တောဝန်ထမ်းတွေကလည်း အုမ်းကွယ်မြို့နယ်အုပ်ချုပ်ရေးရုံးကို အကြောင်းကြားပြီး အုပ်ချုပ်ရေးရုံး၊ လဝကရဲ၊ နယ်မြေခံရဲ နဲ့ စစ်တပ်တွေပါတဲ့ ပူးပေါင်းအဖွဲ့တွေနဲ့အတူ တောထဲပုန်းအောင်းနေသူတွေကို တညလုံး လိုက်လံရှာဖွေရာမှာ ဒီဇင်ဘာ ၁၅ ရက်နေ့မနက် ၃ နာရီလောက်အထိ စုစုပေါင်း ၇၈ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ 

သူတို့ကို အုမ်းကွယ်မြို့နယ်ရဲဌာနကို ပို့ဆောင်ကာ အုမ်းကွယ်ဆေးရုံဝန်ထမ်းတွေက ကိုဗစ် ၁၉ ရောဂါစစ်ဆေးခဲ့ကြောင်း၊ အားလုံးပိုးမတွေ့ဘဲ လဝကဥပဒေနဲ့ ဆက်လက်အရေးယူသွား မယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အလားတူ ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာလည်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၇၉ ဦး ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ ၇၉ ဦးအနက် ၃၄ ဦးကို ဒီဇင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီကျော်က ကန်ကျနပူရီမြို့နယ် ဘန့်ကောင်အုပ်စု ဟွေနမ့်ခေါင်ရွာနားမှာလည်းကောင်း၊ အဲဒီအုပ်စုမှာဘဲ ဒီဇင်ဘာ ၁၅ ရက် မနက် ၇ နာရီခွဲက ၃၄ ဦး၊ နောက်ထပ် ၁၁ ဦးကတော့ ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီလောက်က ဆိုင်းယုဒ်မြို့နယ် ဆီရီမုန်းခုန်းအုပ်စု ဟွေ့ကထထောင်းကျေးရွာနီးရှိ တောထဲမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ 

သူတို့တွေဟာ မြန်မာနိုင်ငံ ထားဝယ်၊ ရန်ကုန်၊ မော်လမြိုင်၊ ဖားအံ၊ ပဲခူး စတဲ့ဒေသက ဖြစ်ပြီး ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ဖို့ ပွဲစားကို ၁ ဦးကို ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ ထိပေးပြီး ဝင်လာခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013