
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်ကနေ ပြန်လည် ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA တို့ ဒီဇင်ဘာ ၁၆ ရက်မနက်က မဲထော်သလေးကျေးရွာမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတယ်လို့ လေးကေ့ကော် စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ဒီမနက် ၄ နာရီလောက်က လေးကေ့ကော်မြို့သစ်ကနေ ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနဲ့ KNLA တပ်တို့ မဲထော်သလေးကျေးရွာအတွင်းမှာ ထပ်မံတွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။
လေးကေ့ကော်စခန်း တာဝန်ရှိသူတစ်ဦးက“စစ်ကောင်စီကထွက်သွားပြီ အခုလက်ရှိမှာ မဲထော်သလေးနားမှာ တိုက်ပွဲဖြစ်နေတယ်။ အခုရွာထဲမှာကို ဖြစ်နေတာ။ မနက် ၉ နာရီလောက်က စဖြစ်တာ။ အခုပစ်နေတုန်းပဲ ဒေသခံတွေကထွက်ပြေးရတာပေါ့”လို့ ပြောပါတယ်။
လေးကေ့ကော်နဲ့ တမိုင်လောက်ဝေးတဲ့ ကျွန်းတောရွာနားမှာလည်း ဒီနေ့မနက် ၁၀ နာရီလောက်က ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ မဲထော်သလေးကျေးရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်လာရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းကစတင်ပြီး လေးကေ့ကော်မြို့သစ် စစ်ဘေးရှောင်အိမ်ရာ စခန်းအတွင်းကို စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင်အင်အား ၂၀၀ လောက်က ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာက တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။
ဒီဇင်ဘာ ၁၅ ရက် လေးကေ့ကော်မြို့သစ် အမှတ် ၃ ရပ်ကွက်အတွင်းကို စစ်ကောင်စီရဲ့တပ်တွေက သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့တဲ့အတွက် နယ်မြေခံ KNLA တပ်တွေနဲ့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အရာရှိနဲ့ စစ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ပါတယ်။