DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်တွင် ညပိုင်း တိုက်ပွဲဆက်ဖြစ်၊ နေအိမ်အချို့မီးလောင်ပြီး ဒေသခံ ထောင်ချီ တိမ်းရှောင်
DVB
·
December 15, 2021
လေးကေ့ကော်မြို့သစ်တွင် ညပိုင်း တိုက်ပွဲဆက်ဖြစ်၊ နေအိမ်အချို့မီးလောင်ပြီး ဒေသခံ ထောင်ချီ တိမ်းရှောင်
1 / 2
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်မြို့သစ်မှာ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA အပါအဝင် ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဒီဇင်ဘာ ၁၅ ရက် ဒီညပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ထောင်ချီ စစ်ဘေး တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီဘက်က ၁၂၀ မမ လက်နက်ကြီး  မော်တာ ၁၀ လုံးနဲ့ ၈၁ မမ မော်တာ တွေနဲ့ လေးကေ့ကော်မြို့သစ်ထဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲမှ ပြည်သူလူထု နေအိမ် တလုံး မီးလောင်ခဲ့ကာ တခြားအိမ်ကိုလည်း မီးကူး စက်လောင်းကျွမ်းတာလည်းရှိပါတယ်။

တိုက်ပွဲတွေပြင်းထန် လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး  တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီးတယောက် အပါအဝင် ကျဆုံးဒဏ်ရာရသူတွေများတယ်လို့ နယ်မြေခံသတင်းထောက်က ပြောပေမဲ့ နှစ်ဘက် ထိခိုက်ကျဆုံးမှု အခြေအနေ အတိအကျကိုတော့ အတည်ပြုလို့ မရသေးပါဘူး။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးပြီး ဗျူဟာမှူး လည်းပိတ်မိနေခဲ့တယ်လို့  ကေအန်ယူ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။  

“တို့က ပြန်ပစ်ချပလိုက်ရော၊ ပစ်ချတော့  တို့မျက်စိရှေ့မှာ သေတာက ၁၀ လောင်း၊ ဒါပေမဲ့ ဘယ်မှာ သွားချောင်ကပ်ပြီးသေတဲ့ဟာတော့ မသိဘူး။ အဲဒါနဲ့ သူတို့က ဟိုးရသေ့ဂူဘက်ကို တက်သွားရော၊ အဲမှာ PDF တွေ ရှိတယ်လေ။ အဲမှာ တိုက်ပွဲတခါ ထပ်ဖြစ်တော့ သူတို့ လက်နက်ကြီးတွေ ဘာတွေနဲ့ ပစ်တယ်။ သူတို့ အဲဒီမှာလည်း ထိတယ်ကွာ။ ဘယ်လောက်ထိလဲတော့ မသိဘူး။ တို့ကတော့ ပြောထားတယ်။ သူတို့တပ်ကို အကုန်လုံး အကြောင်းကြားတယ်။ မင်းတို့ ဒီည တခါတည်းထွက်၊ မထွက်ရင်တော့ မရဘူး ထပ်ချမှာပဲ။ အဲတော့ သူတို့ဆီက ဗျူဟာမှူး ပိတ်မိနေတယ်။ တပ်မမှူးကိုယ်တိုင် ပိတ်မိနေတယ်။ ပြန်မထွက်တတ်တော့ဘူး။ အဲတော့ သူတို့က ညှိနှိုင်းကြတယ်။ ဒီလမ်းပေါက်တပေါက်ကပဲထွက်၊ ကျန်တဲ့နေရာကနေ မထွက်နဲ့ ထွက်ရင်အကုန်ပစ်မယ်။ အဲတော့ မြင်ရတဲ့လောင်းက ၁၀ လောင်းလောက်ရှိတယ်။ ဟိုချောင်ကြိုချောင်ကြား ကပ်နေတဲ့ဟာ ဘယ်နှလောင်းမှန်းမသိဘူး။” 

လေးကေ့ကော် အနီးဝန်းကျင်ရှိ ရသေ့ဂူနေရာ၊ ပန်းခြံကုန်းနေရာ၊ ကျောက်ဂူနေရာ၊ ရေစက်ကုန်းနေရာတွေမှာ အရင်နေ့တွေကတည်းက စစ်ဆိုင်ထားတဲ့ နှစ်ဘက် တပ်ဖွဲ့တွေပါ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာပါ။ 

အခု ည ၈ နာရီအချိန်အထိ တိုက်ပွဲတွေကြောင့် တောထဲတောင်ထဲကို  လူလွတ်ရုန်း ထွက်ပြေးနေရတဲ့ ဒေသခံစစ်ရှောင်ကလည်း ဒီကနေ့ ညပိုင်းအထိ ၁၀၀၀ ကျော် အထိ ရှိနေတယ်လို့ စစ်ရှောင်တွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သတင်းထောက်က ပြောပြပါတယ်။ 

“အဝေးက လက်နက်ကြီးတွေနဲ့ ပစ်နေတာ။  မီးတွေလောင်နေတာ လှမ်းမြင်နေရတယ်။ တောမီးလိုမျိုး ဖြစ်နေတာ။” 

မြေပြင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ ကေအန်ယူဗဟိုအနေနဲ့ အတိအကျမသိသေးပေမဲ့ မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ကို ဗဟိုက ခွင့်ပြုပြီးသားဖြစ်တာကြောင့် မြေပြင်တပ်တွေအနေနဲ့ လုပ်စရာရှိတာ ဆက်လုပ်သွားလိမ့်မယ်လို့ ကေအန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောတာနီးက ဒီဗွီဘီကို ပြောပါတယ်။

လူထုနဲ့အတူရပ်တည်တဲ့ ကေအန်ယူရဲ့ ရပ်တည်ချက်ကလည်း ယိမ်းယိုင်သွားမှာ မဟုတ်သလို ဒီအခြေအနေတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံတကာကျင့်ဝတ်တွေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ စည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာတွေကြောင့် ဖြစ်ရတာလို့လည်း ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က ကေအန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခဲ့ပြီး အဲဒီမှာ ခိုလှုံနေတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက် အပါအဝင် CDM ဝန်ထမ်းတွေ၊ ပြည်သူတွေ ၆၀ လောက်ကို ဖမ်းဆီးခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ လေးကေ့ကော်မြို့သစ်ကနေ မပြန်တော့ဘဲ တပ်စွဲထားဖို့ ကြိုးပမ်းနေတဲ့အတွက် နှစ်ဘက် စစ်ရေးတင်းမာမှုတွေ  စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာတော့  တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ 

လေးကေ့ကော်မြို့သစ်ကို ကေအန်ယူနဲ့ ကရင်ပြည်နယ်အစိုးရအကြား ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်တဲ့ အထိမ်းအမှတ်အနေနဲ့ ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လာတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဂျပန်နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ နေအိမ်တွေ ဆောက်လုပ်ပေးထားတာဖြစ်ပြီး ရပ်ကွက် (၆) ရပ်ကွက်မှာ မိသားစုထောင်နဲ့ချီပြီး နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013