DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရန် လုပ်နေသဖြင့် လယ်မြေ ဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်
DVB
·
December 15, 2021
ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရန် လုပ်နေသဖြင့် လယ်မြေ ဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်
Donate to DVB

စစ်ကောင်စီလက်ထက် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို မြေဧက ၂၅၀ မှာ စတင်အကောင်အထည်ဖော်ဆောင်ဖို့ လုပ်ဆောင်လာနေ​​ပြီး ပွင့်လင်းမြင်သာစွာ မချပြတာကြောင့် စီမံကိန်းမြေနေရာမှာ ပါဝင်နေတဲ့ ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှာကို စိုးရိမ်နေကြပါတယ်။

တောင်သူလယ်သမားများ လူမှုစီးပွားဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ကိုသိန်းတန်က “ကျနော်တို့ ဒီဒေသခံပြည်သူလူထုတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်တာတော့ တစ်ခုမှမရှိ၊ ကျနော်တို့ ကြောင့်ကြစိုးရိမ်ပူပင်နေတာက ဒီလယ်ယာမြေကို အခြေခံပြီး လုပ်ကိုင်စားသောက်နေတဲ့ လူတွေရှိတယ်၊ ဘိုးဘွားပိုင်မြေဆိုရင်လည်း မမှားဘူးလေ။ အဲဒါတွေကို သူတို့ မတော်မတရား တစ်ထောင်တန်ကို ငါးရာနဲ့ ပေးပြီးယူသွားတယ်ဆိုတော့ ကျနော်တို့ နောင်လာနောင်သားတွေ ဘယ်လို လုပ်ကိုင်စားသောက်ပြီး ဘယ်လိုနေသွားရမလဲဆိုတာကို စိုးရိမ်ပူပန်နေကြတာ အများကြီးရှိတယ်‌” လို့ ပြောပါတယ်။

အထူးစီးပွားရေးဇုန်စီမံကိန်းနေရာမှာ ပါဝင်နေတဲ့ လယ်ယာမြေတွေအတွက် ဒေသခံတွေ တောင်းဆိုထားတဲ့ လျော်ကြေးငွေနဲ့ လယ်ယာမြေတွေ အစားထိုးပေးရမှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း ဒေသခံတွေကို ဦးစားပေးဖို့ လိုအပ်တယ်လို့ စီမံကိန်းမြေနေရာမှာ ပါဝင်တဲ့ တောင်သူဦးစောမောင်နုက ပြောပါတယ်။

“လျော်ကြေးပေးပြီးတာနဲ့ မသင့်တော်သေးဘူး၊ ဘာမှမလုပ်တတ်၊ လယ်ပဲ လုပ်တတ်တယ်လေ။ နောက်ကိစ္စကို ဘာမှမလုပ်တတ်ဘူးဆိုတော့ ကျနော်တို့ကို လယ်အစားထိုးပေးရမယ်၊ အိမ်ပါရင် အိမ်အစား ပေးရမှာ။ တကယ်လို့များ ကျနော့်လယ်ကို သိမ်းသွားလို့ရှိရင် ကျနော့်မှာ ဥပမာ သားသမီး ၅ ယောက်ရှိတယ်၊ စက်မှုဇုန်ကျလာလို့ရှိရင် ကားမောင်းတတ်ရင် ကားမောင်း သင်ပေးရမှာ၊ စက်ချုပ်တတ်တဲ့မိန်းကလေးဆိုရင် စက်ချုပ်သင်ပေးရမယ်၊ အဲဒီလိုမှမဟုတ်ပဲနဲ့ ခင်ဗျားတို့လယ်တွေကို ငါတို့သိမ်းပြီဆိုပြီး ယူသွားရင်တော့ ကျနော်တို့လယ်သမားတွေ အကုန်သေရမှာ၊ ဒီလိုတော့မဖြစ်စေချင်ဘူး၊ အဲဒါတော့ လက်မခံဘူး” လို့ ပြောပါတယ်။

အမှန်တကယ် ဒေသခံတွေရဲ့အကျိုးအတွက် စနစ်တကျနဲ့ရေးဆွဲထားတဲ့ စီမံမှုတွေရှိ လာပါက ဆုံးရှုံးမှု နည်းနိုင်တယ်လို့  ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစင်တာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထွန်းကြည်က အခုလို​ သုံးသပ်ပါတယ်။

“အာဏာသိမ်းထားပြီးနောက်ပိုင်းမှာ အရင်ကလိုမျိုး ပြည်သူတွေရဲ့ နစ်နာကြေး၊ ပြည်သူတွေရဲ့ အခွင့်အရေးကို အော်ဖို့အတွက်ကကျတော့ လွှတ်တော်ကဏ္ဍလည်း မရှိဘူး၊ မီဒီယာတွေရဲ့ကဏ္ဍကလည်း အရမ်းကိုအားနည်းနေတယ်ပေါ့လေ။ အရမ်းအားနည်းနေတယ်ဆိုတဲ့ ဒီလိုကာလမျိုးမှာ အဲဒီလိုကြီးတဲ့စီမံကိန်းမျိုးတွေကို အကောင်အထည်ဖော်မယ်ဆိုလို့ရှိရင်တော့ ဒေသခံတွေအတွက် ဆုံးရှုံးနစ်နာမှု အများကြီးရှိနိုင်တယ်လို့ ကျနော် မြင်တယ်။ အခုကို ဧက ၂၅၀ မှာ ဧက ၆၀ လောက်ကို ဒေသခံမဟုတ်တဲ့သူတွေ ပိုင်ဆိုင်ပြီး ဒေသခံလယ်သမား ၂၂ ယောက်ကို ကျူးကျော်ဆိုပြီးတော့ တရားဝင်ဖော်ပြထားတာမျိုးကို တွေ့နေရတယ်ဆိုတော့ ဒီလိုပြစ်မှုတွေဟာ အများကြီးပေါ်လာနိုင်တယ်ပေါ့လေ။ ဒါပေမဲ့ ဒီလိုလက်ရှိအချိန်မှာလည်း တရားမျှတမှုနဲ့ ဒေသခံတွေရဲ့ အခွင့်အလမ်းနဲ့ အခွင့်အရေးတွေကို အမှန်အကန်ကုစားပေးတဲ့ စီမံကိန်းတွေ ချမှတ်ပြီး တဆင့်ချင်းအလိုက် အကောင်အထည်ဖော်မယ်ဆိုရင်တော့ နစ်နာမှုတွေက အဲဒီလောက်ထိ မရှိနိုင်ဘူးပေါ့” လို့ ပြောပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကျောက်ဖြူမြို့နယ်က ကျေးရွာအုပ်စု ၉ အုပ်စုရှိ လယ်ယာမြေဧက ၄၂၈၉.၃၂ ဧကကို စီမံကိန်းမြေနေရာအဖြစ်သတ်မှတ်ကာ အကောင်ဖော်ဆောင်ဖို့ လုပ်ဆောင်ခဲ့ပြီးနောက် စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ၈၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်း နဲ့ သဘောတူခဲ့ကြကြတာပါ။

၂၀၁၅ ခုနှစ် NLD ပါတီက အစိုးရဖွဲ့ပြီးချိန်မှာတော့ ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ အစုရှယ်ယာတွေကို တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းနဲ့ ပြန်လည်သဘောတူညီမှုတွေ လုပ်ဆောင်ခဲ့ကြပြီး စီမံကိန်းဖော်ဆောင်မယ့် မြေနေရာက ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ပြန်လည်ဖော်ဆောင်ဖို့ လုပ်ဆောင်လာတာကြောင့် ဒေသခံတောင်သူတွေဟာ လယ်ယာမြေတွေ ဆုံးရှုံးနစ်နာမှာကို စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013