DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း သပိတ်မှောက်ကျောင်းသားများကို သံခြေချင်းခတ်ပြီး ထောင်မကြီးဘက် ပြောင်းရွှေ့ထား
DVB
·
December 15, 2021
အင်းစိန်ထောင်တွင်း သပိတ်မှောက်ကျောင်းသားများကို သံခြေချင်းခတ်ပြီး ထောင်မကြီးဘက် ပြောင်းရွှေ့ထား
Donate to DVB

ဒီဇင်ဘာ ၁၀ ရက်နေ့က  အင်းစိန်ထောင်တွင်းသပိတ်ကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းပြီး တိုက်ပိတ် ရိုက်တာနှက်တာတွေ ရှိခဲ့ပေမဲ့ အသေးစိတ်အခြေအနေတွေကို မသိရသေးဘူးလို့ အင်းစိန်ထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအမှုလိုက် ရှေ့နေတစ်ယောက်က ပြောပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး ငြိမ်သက်သပိတ်မှာ အင်းစိန်ထောင်တွင်းက နိုင်ငံရေးလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတာ၊ တိုက်ပိတ် ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ ရှေ့နေတစ်ယောက်က ပြောပါတယ်။ 

အင်းစိန်ထောင် အသံတိတ်သပိတ်မှာပါဝင်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဒုဥက္ကဋ္ဌ  ကိုဇော်ထက်နိုင်(ခ)ဆစ်နိုင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုးတို့အပါအဝင် ၈၉ ဦးကို တိုက််ပိတ်ထားပြီး  ကိုလေပြေစိုးမိုးဟာ ကျောမှာ အရိုက်ခံရတဲ့ ဒဏ်ရာရထားပြီး ကိုဆစ်နိုင်မှာလည်း  မူးလဲတဲ့အထိရိုက်ခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

သပိတ်မှာပါဝင်ခဲ့သူတွေကို ထောင်မကြီးဘက်ပြောင်းပြီး ခြေကျင်းခတ် တိုက်ပိတ်ထားတယ်လို့ သတင်းကြားရပေမယ့် အတိအကျအခြေအနေကိုတော့ ဒီဇင်ဘာ ၁၄ ရက် အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးရှေ့နေတစ်ဦးက “ဖြစ်စဉ်ဖြစ်တာက ဒီဇင်ဘာ ၁၀ ရက်နေ့ ကျနော်တို့က  ဒီဇင်ဘာ ၁၄ ရက်နေ့မှ အထူးတရားရုံးကိုသွားတာ။ အကြမ်းဖျင်းက ဒီဇင်ဘာ ၁၀ ရက်နေ့က သီးသန့်ထောင် အိပ်ဆောင် ၁ နဲ့ ၂က အကျဉ်းသား ၉၀ လောက်က အသံတိတ်သပိတ်လုပ်ကြတယ်လို့ ပြောတယ်။ တချို့က အစာငတ်ခံဆန္ဒပြတယ်လို့ ပြောတယ်။ အဲ့ဒါကို အကျဉ်းထောင်ဘက်က ရိုက်နှက်ပြီးတော့ အကြမ်းဖက်ဖြိုခွဲတယ်လို့ ကြားတယ်။ ပါဝင်တဲ့သူတွေကိုလည်း ခြေချင်းခတ်၊ ဒေါက်ခတ်ပြီးတော့မှ ထောင်မကြီးဘက်ကို ပြောင်းရွှေ့ပြီး တိုက်တွေထဲပါ ထည့်ထားတယ်လို့ လို့ အကြမ်းဖျင်းသိပါတယ်။”

ဇွန်လမတိုင်ခင်တုန်းက ဖမ်းဆီးသူတွေကို ပုဒ်မ ၅၀၅(က)နဲ့ပဲ တရားစွဲခဲ့ပေမယ့် ဇွန်လ ၃၀ ရက် နောက်ပိုင်းမှာတော့ PDF တွေနဲ့ဆက်သွယ်တယ်ဆိုပြီး ပေါက်ကွဲစေတတ်သောပစ္စည်းများဥပဒေ ဖောက်ခွဲ(၃)၊ ဖောက်ခွဲ (၅)တို့နဲ့ပါ စစ်ကောင်စီက ပူးတွဲတရားစွဲခဲ့ပါတယ်။

NUG၊ CRPH တို့နဲ့ ဆက်သွယ်တယ်လို့ ယူဆရသူတွေကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅(က)၊ ၅(ည)၊ ၅၂(က) တို့နဲ့ပါ စစ်ကောင်စီက တရားစွဲဆိုခဲ့ပါတယ်။

အင်းစိန်ထောင်ထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်အထိ ဖမ်ဆီးတရားစွဲခံထားရသူ စုစုပေါင်း ၃၅၀၀ ကျော် ၄၀၀၀ နီးပါးရှိနိုင်တယ်လို့ ရှေ့နေတစ်ဦးက ခန့်မှန်းပါတယ်။

နိုင်ငံရေးအမှုလိုက် ရှေ့နေတယောက်က “ဆိုလိုတာက ၅၀၅(က) သည် အမြင့်ဆုံးပြစ်ဒဏ် ၃နှစ်ပဲ ပေးနိုင်တယ်။ ဒီနောက်ပိုင်းမှာ ၅၀၅(က)နဲ့ အစွဲခံရသူတွေကို အနည်းဆုံးပြစ်ဒဏ် ၇ နှစ်ကနေ အများဆုံးပြစ်ဒဏ် သေဒဏ်အထိချနိုင်တဲ့ ပြစ်မှုမျိုးတွေနဲ့ ပူးတွဲပြီး တရားစွဲလာတာကတော့ ထူးခြားချက်လို့ပြောလို့ရပါတယ်”လို့ ပြောပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ အင်းစိန်ထောင်ထဲက ၅၀၅(က)နဲ့ အစွဲခံထားရသူ ၇၀၀ ကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့်  အဖမ်းခံရသူ ၃၀၀၀ နီးပါး ကျန်နေခဲ့ပါတယ်။ 

ဇူလိုင် ၂၃ ရက် မနက်ကလည်း  အင်းစိန်ထောင်အတွင်းက နိုင်ငံရေးသမားတွေကိုထားတဲ့ သီးသန့်ထောင်မှာ နိုင်ငံရေးကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်မှုဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက သတင်းအမှောင်ချခဲ့တာကြောင့် အတည်မပြုနိုင်ခဲ့ပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်အထိ စစ်ကောင်စီက အင်းစိန်ထောင်တွင်းမှာ အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ပြီး ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား၊ အချုပ်သား ကျား၊ မ စုစုပေါင်း ၅၀၀၀ အထိပဲထားဖို့ အဆောက်အအုံတွေ တည်ဆောက်ထားတာ ဖြစ်ပေမဲ့ ပုဒ်မ ၅၀၅(က)နဲ့ အဖမ်းခံရသူတွေ ထပ်ရောက်လာတဲ့အတွက် အကျဉ်းထောင်မှာ  အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013