DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်အသုံးပြု ပေးချေနိုင်
DVB
·
December 15, 2021
နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်အသုံးပြု ပေးချေနိုင်
Donate to DVB

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသမှာ တရုတ်ယွမ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်အသုံးပြု ပေးချေနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုပေးလိုက်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်ဖို့နဲ့ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေဖို့ နှစ်နိုင်ငံငွေပေးချေမှုနဲ့  စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေဖို့နဲ့  ASEAN Financial Integration ရဲ့ရည်ရွယ်ချက်တွေနဲ့အညီ  ပြည်တွင်း ငွေကြေးသုံးစွဲမှုကို တိုးမြှင့်ဖို့အတွက် ရည်ရွယ်ပြီး ခုလိုဆောင်ရွက်ခွင့်ပြုလိုက်တာလို့  ဗဟိုဘဏ်က ဒီဇင်ဘာ ၁၄ ရက်နေ့စွဲနဲ့ အမိန့် ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်အရ ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုကို ဆောင်ရွက်ရ ဘဏ် (Designated Bank) တွေမှာ နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်မယ့် သွင်းကုန်တင်သွင်းသူတွေနဲ့ ပို့ကုန်တင်ပို့သူတွေရဲ့ ယွမ်ငွေစာရင်းကို ဖွင့်လှစ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆောင်ရွက်ခွင့်ပြုတဲ့ Designated Bank တွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုမှာ ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ရမယ်လို့ ဆိုပါ တယ်။

ဗဟိုဘဏ်ရဲ့ အဆိုပါထုတ်ပြန်ချက်အပေါ် မူဆယ်အခြေစိုက် မြန်မာကုန်သည်တွေက ကြိုဆိုတယ်လို့ ပြောပါတယ်။

မူဆယ်အခြေစိုက် မြန်မာဆန်ကုန်သည်တဦးက “ကျနော်တို့က တရုတ်ပြည်ကို ဆန်ရောင်းရင် တရုတ်ငွေကြေးဖြစ်တဲ့ ယွမ်ငွေပဲ ရတာနော်။ ဒါပေမဲ့ မြန်မာပြည်မှာ ကျနော်တို့က duty ဆောင်ရတာရှိတယ်။ duty ဆောင်တဲ့နေရာမှာ စျေးနှုန်း သတ်မှတ်ချက်ရှိတယ်။ ဆန်  တတန်ကို ဒေါ်လာ ၃၃၀ ဆိုပါစို့။ ဒီဒေါ်လာ ၃၃၀ ကို ဗဟိုဘဏ်ရဲ့ သတ်မှတ်စျေးနဲ့တွက်ပြီးတော့ ကျပ်ငွေဆောင်ရတယ်ဗျာ။ ဒါက အရင်တုန်းက အခြေအနေ။ အဲ့တော့ ကျနော်တို့က ရောင်းတာကတော့ တရုတ်ယွမ်ငွေနဲ့ ရောင်းတာဖြစ်ပေမယ့် စျေးနှုန်းသတ်မှတ်တော့ ဒေါ်လာနဲ့ သတ်မှတ်တာဖြစ်လို့ ကျနော်တို့က အဲဒီအစီအစဉ်ကို သိပ်ပြီးတော့ သဘောမတွေ့ဘူးနော်။ အခုကြတော့ ဒီဇင်ဘာ ၁၄ ရက်နေ့ကစပြီးတော့ တရုတ်ကို ယွမ်ငွေနဲ့ရောင်းတယ်ပေါ့။ ဆန် ၁ တန်ကို ယွမ်ငွေ ၆၅၀၀ ဆိုပါစို့။ အဲဒီဟာကို ဗဟိုဘဏ်ရဲ့ ပေါက်စျေးအတိုင်း ကျပ်ငွေနဲ့တွက်ပြီး duty ဆောင်ရမယ်။ ကုမ္ပဏီနဲ့အလုပ်လုပ်တဲ့ ကျွန်တော်တို့ ကုန်သည်တွေအဖို့ကတော့ အခုပြောင်းလိုက်တဲ့ ဒီစနစ်ကို ပိုကြိုက်ကြတယ်။ ဘာလို့လဲဆို ကျနော်တို့က တရုတ်ယွမ်ငွေနဲ့ ရောင်းတာဖြစ်လို့ စျေးနှုန်းသတ်မှတ်ချက်ကိုလည်း ယွမ်ငွေနဲ့ပဲ သတ်မှတ်ရမယ်လေနော်။ အရင်က ဒေါ်လာနဲ့ သတ်မှတ်လိုက်တဲ့အတွက် သူက တဆင့်ကျော်နေတယ်။ ဒါကြောင့် ပြောချင်တာက အခုလို ယွမ်ငွေနဲ့လုပ်သလိုမျိုး အဆင်မပြေဘူး” လို့ဆိုပါတယ်။

မူဆယ်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတဦးကလည်း “အရင်တုန်းက စျေးနှုန်းသတ်မှတ်တာကို အမေရိကန် ဒေါ်လာနဲ့ သတ်မှတ်တယ်။ တကယ်တော့ ကျနော်တို့ရောင်းတာက တရုတ်ယွမ်ငွေနဲ့ ရောင်းတာဖြစ်ပေမယ့် duty ဆောင်ဖို့အတွက် လိုင်စင်ကြေးပေါ့နော် အဲ့ဒါကို အမေရိကန်ဒေါ်လာနဲ့ဆောင်ခိုင်းတယ်။ အဲ့ဒါကို ကျနော်တို့ ကုန်သည်တွေက မကြိုက်ကြဘူး။ အခုတော့ ယွမ်ငွေနဲ့ပဲ သတ်မှတ်ပြီးတော့ ဗဟိုဘဏ်ရဲ့သတ်မှတ်ချက်အတိုင်း မြန်မာကျပ်ငွေနဲ့ပဲ ဆောင်ရမယ်။ ကျပ်ငွေ ကနေ ယွမ်ငွေကို တိုက်ရိုက်ဆောင်ရတဲ့သဘောပဲ။ ဒေါ်လာစျေးက ကမောက်ကမရှိနေတာလေ။ ဒါပေမဲ့ ယွမ်ငွေစျေးကတော့ ကျနော်တို့ ဒီဘက်မှာ နည်းနည်းငြိမ်တယ်နော်။ အဲ့ဒါကြောင့် ယွမ်ငွေနဲ့ပဲလုပ်တာက ပိုကောင်းတာဖြစ်လို့ ကုန်သည် တွေအတွက် ပိုပြီးအဆင်ပြေတယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ တရုတ်ယွမ်ငွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်အသုံးပြုပေးချေခွင့်ပြုလုက်တဲ့  ဒီအမိန့်ကြေညာစာဟာ ထုတ်ပြန်တဲ့နေ့ ဒီဇင်ဘာ ၁၄ ရက်ကစတင် အကျိုးသက်ရောက်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013