DVB Logo
Home
မြန်မာသတင်း
လေးကေ့ကော်မြို့သစ်တွင် ခိုလှုံသူ ၆၀ ကျော်ကို စစ်တပ်က ဖမ်းဆီး၊ စစ်ရေးအခြေအနေ တင်းမာနေ
DVB
·
December 15, 2021
လေးကေ့ကော်မြို့သစ်တွင် ခိုလှုံသူ ၆၀ ကျော်ကို စစ်တပ်က ဖမ်းဆီး၊ စစ်ရေးအခြေအနေ တင်းမာနေ
Donate to DVB

ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီရဲ့တပ်တွေက နယ်မြေကျူးကျော်ဝင်ရောက်လာပြီး လွှတ်တော်အမတ် အပါအဝင် ခိုလှုံသူ အယောက် ၆၀ ကျော်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီဇင်ဘာ ၁၄ ရက် မနက်ပိုင်းကစတင်ပြီး ညနေပိုင်းအထိ လေးကေ့ကော်မြို့သစ် စစ်ဘေးရှောင်အိမ်ရာစခန်းထဲကို  စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေမြန်တပ်ရင်းက တပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်က စစ်ကြောင်း ၄ ကြောင်းခွဲပြီးဝင်ရောက်ကာ  စစ်ဘေးရှောင်နေအိမ်တွေကို ပိတ်ဆို့ ရှာဖွေဖမ်းဆီးခဲ့တာပါ။

လေးကေ့ကော်မြို့သစ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ PDF တွေ၊ နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေ ခိုလှုံနေတယ်ဆိုတဲ့သတင်းအရ စစ်ကောင်စီတပ်က ရှာဖွေဖမ်းဆီးလုပ်ဆောင်လာခဲ့ရာ မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်၊ CDM ဆရာဝန်တစ်ဦး၊ သူနာပြုတွေနဲ့ လူငယ်တချို့အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အယောက်   ၆၀ ကျော်လောက် ဖမ်းဆီးခံလိုက်ရတာပါ။

လေးကေ့ကော်စစ်ဘေးရှောင် ပြည်သူတစ်ဦးက ”မနေ့က ညနေပိုင်းအထိ လူအယောက် ၆၀ ကျော်တယ်။ ဆေးရုံကနေ အများကြီးဖမ်းသွားတယ်။ ဆရာဝန်တွေ သူနာပြုတွေ အဲဒီမှာပဲ အများကြီးပဲ။ ပါးတွေပါ ရိုက်သွားတယ်။ သူတို့ညက တီဗွီမှာ ပြသတာ ၁၁ ယောက်လို့ပြတယ်”လို့ ပြောပါတယ်။

လေးကေ့ကော်စခန်း တာဝန်ရှိသူတစ်ဦးက“မနေ့က ခရိုင်ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်နဲ့ မြို့အတွင်းပိုင်းကို ရှာဖွေခွင့်ပေးလိုက်တာ။ ဒီမနက်ထပ် ဝင်လာတယ်။ မနေ့က စစ်ကြောရေးက ထပ်ဖော်ထုတ်လိုက်တဲ့အတွက် ထပ်စစ်ကြည့်ချင်တယ်ဆိုပြီး လာတာ။ ဖမ်းဆီးခံရတဲ့သူတွေကို မနှိပ်စက်ဖို့ သဘောတူညီမှုတော့ ယူထားတယ်။ နောက်တောနင်းရှာဖွေတာတွေ မလုပ်ဖို့ ။ အဲဒါတွေပါ သူတို့လုပ်လာရင် တန်ပြန်စစ်နဲ့တိုက်မယ်”လို့ ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၆ KNLA တပ်ဖွဲ့ဝင်တွေကလည်း လက်ရှိမှာ စစ်ကောင်စီရဲ့တပ်တွေကို ဝိုင်းဝန်းပိတ်ဆို့ထားသလို့ စစ်ရေးအသင့်အနေအထားပြင်ဆင်ထားပြီး မြို့တွင်းခွင့်ပြုနယ်မြေမှအပ တားမြစ်နယ်မြေတွေနဲ့ ဖမ်းဆီးရာမှာ အတင်းအဓမ္မပြည်သူတွေကို ထိန့်လန့်အောင်လုပ်ဆောင်လာရင် တန်ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။

လေးကေ့ကော်မြို့သစ်အတွင်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ရှာဖွေဖမ်းဆီးမှုတွေ လုပ်ဆောင်လာတဲ့အပေါ် KNLA တပ်တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီးထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အောက်တိုဘာလက စတင်ပြီး စစ်ကောင်စီရဲ့ အမှတ် ၅၆၀ ခြေလျင်တပ်ရင်း ရှေ့တန်းစစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီး ထင်လင်းဇော် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကိုဝင်ရောက်ပြီး မကြာခဏ ရှာဖွေစစ်ဆေးမေးမြန်းတာ‌တွေ ပြုလုပ်လာတာပါ။

မြဝတီခရိုင်မှာရှိတဲ့ လေးကေ့ကော်မြို့သစ်ကို ကေအန်ယူနဲ့  ကရင်ပြည်နယ် အစိုးရအကြား  ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

လေးကေ့ကော်မြို့သစ်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီနဲ့ နေအိမ်တွေ ဆောက်လုပ်ပေးထားတာဖြစ်ပြီး ရပ်ကွက် ၆ ရက်ကွက်မှာ မိသားစု ထောင်ချီနေထိုင်နေကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013