DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ရှေ့နေများမှတဆင့် မှတ်ချက်ပေးနိုင်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
December 14, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ရှေ့နေများမှတဆင့် မှတ်ချက်ပေးနိုင်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ရှေ့နေတွေကနေတဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ၊ အကြမ်းဖက်ကိစ္စတွေနဲ့  CRPH၊ NUG အဖွဲ့တွေ ဖွဲ့စည်းတာကို သိရှိပြီးဖြစ်မယ်လို့ ယူဆကြောင်းနဲ့  ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ရှေ့နေတွေကတဆင့် မှတ်ချက်တွေပေးနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ 

ဒီဇင်ဘာ ၁၃ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ  စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်တာဖြစ်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို  အခုလ ၆ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိတဲ့အမှုတွေကို ဆက်လက် စစ်ဆေးနိုင်ဖို့ အကျဉ်းထောင်သို့ပို့ဆောင်ခြင်း မရှိဘဲ အခုလက်ရှိနေရာမှာသာ ဆက်လက်ထားရှိဖို့ ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်မြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက ချမှတ်တဲ့အချိန်အထိ သတ်မှတ်ချက်တွေအတိုင်း သူတို့ရဲ့ ရှေ့နေတွေနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေတွေကနေတဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ၊ အကြမ်းဖက်ကိစ္စတွေနဲ့ CRPH၊ NUG အဖွဲ့တွေ ဖွဲ့စည်းတာကို သိရှိပြီးဖြစ်မယ်လို့ ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ရှေ့နေတွေက တဆင့် သူ့ရဲ့ မှတ်ချက်တွေပေးနိုင်တဲ့ အခွင့်အရေးရှိတယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရှေ့နေတွေက တဆင့်  မှတ်ချက်တွေပေးနိုင်တယ်လို့  စစ်ခေါင်းဆောင်က ပြောနေပေမဲ့  တဖက်မှာ ရှေ့နေတွေကို  သတင်းမီဒီယာတွေနဲ့ ပြောဆိုခွင့် ပိတ်ပင်တားမြစ်ထားတာကြောင့်  နိုင်ငံခေါင်းဆောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက သိခွင့်မရဘဲဖြစ်နေတာပါ။

နိုင်ငံခေါင်းဆောင်တွေအပေါ် စစ်ကောင်စီရဲ့ တရားစီရင်ရေးဟာ တရားမျှတ လွတ်လပ်ပွင့်လင်းမှု မရှိသလို ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဥပဒေကျွမ်းကျင်သူတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းက သတ်မှတ်ထားတာပါ။ 

အာဏာသိမ်း စစ်ကောင်စီဟာ  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို  အဂတိလိုက်စားမှု စွပ်စွဲချက်တွေ အပါအဝင် အမှု ၁၃ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး လတ်တလော အမှု ၂ မှုကို အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အန်အယ်လ်ဒီပါတီခေါင်းဆောင်တွေ၊ အန်အယ်လ်ဒီအစိုးရအဖွဲ့ ဝန်ကြီးတွေ၊ ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ အပြင် အန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း ဖမ်းဆီးပြီး ထောင်ဒဏ်တွေချမှတ်နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ မိမိတို့အနေဖြင့် စတင်တာဝန် ယူချိန်မှာ ရွေးကောက်ခံကိုယ်စားလှယ်အားလုံးကို လွတ်လပ်စွာထားရှိခဲ့ပြီး သူတို့ရဲ့ နေရပ်တွေကို ပြန်ပို့ပေးခဲ့ကြောင်း ပြန်လည်စေလွှတ်ပြီးချိန်မှာ တချို့ပုဂ္ဂိုလ်တွေဟာ ဥပဒေအရရင်ဆိုင်ခြင်းမရှိဘဲ အကြမ်းဖက်လမ်းစဉ်နဲ့ တုံ့ပြန်ဆောင်ရွက်လာတာလို့ ပြောပါတယ်။

နိုင်ငံတော်ရဲ့တာဝန်ကိုစစ်တပ်က  တိုက်ရိုက်မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ အရပ်သားအများစုကိုသာ တာဝန်ပေးအပ်ထားကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဆောင်ရွက်နေတာဖြစ်လို့ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း  အာဏာသိမ်း စစ်ခေါင်းဆောင်က အစည်းအဝေးမှာပြောသွားပါတယ်။

Photo -Credit

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013