
လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ လူငယ်တွေ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးအုံကြွမှု ခြောက်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအုံကြွမှုတွေဟာ တောင်အာရှရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံကစပြီး ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ တူညီချက်တွေ အများကြီး ရှိပါတယ်။ အားလုံးဟာ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုတွေ၊ စီးပွားရေးအရ စိတ်ပျက်အားငယ်မှုတွေနဲ့ အုပ်ချုပ်သူအပေါ် စိတ်ပျက်ယုံကြည်မှု ကင်းမဲ့လာတာတွေကို ထင်ဟပ်နေပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးစနစ်တွေကတော့ မကျေနပ်ချက်တွေကို ဖြေရှင်းတဲ့ နေရာမှာ အလွန်ကွဲပြားခြားနားကြပါတယ်။ ဒါကြောင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရလဒ်တွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။
ဒီဇာတ်လမ်းဟာ မြန်မာနိုင်ငံကနေ စတင်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချလိုက်တဲ့အခါ လူထုဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီ တရားဝင်မှုနဲ့ ပတ်သက်ပြီး ဂရုစိုက်စရာ မလိုတဲ့အတွက် အကြမ်းဖက် နှိမ်နင်းမှုတွေကို စတင်ခဲ့ပါတယ်။ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ မဖြစ်နိုင်တော့တဲ့အခါ၊ လူငယ်မျိုးဆက်သစ်တွေအတွက် ရွေးချယ်စရာ သိပ်မရှိတော့ပါဘူး။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဖွဲ့စည်းခဲ့ကြရပါတယ်။ ရလဒ်ကတော့ ကြာရှည်ပြီး အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်ကြီး ဖြစ်လာတာပါပဲ။
သီရိလင်္ကာနိုင်ငံမှာတော့ ၂၀၂၂ ခုနှစ် မတ်လမှာ အာရာဂါလာယာ (Aragalaya) လှုပ်ရှားမှု ပေါ်ပေါက်လာပါတယ်။ ဒါဟာ စီးပွားရေး ပြိုလဲမှုကနေ အစပြုခဲ့တာပါ။ စက်သုံးဆီ ပြတ်လပ်တာ၊ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်တာနဲ့ နိုင်ငံတော်အဆင့် ဒေဝါလီခံရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါတွေက ဆယ်စုနှစ် နှစ်ခုနီးပါး အုပ်ချုပ်ခဲ့တဲ့ ရာဂျာပတ်ဆာ မျိုးဆက်ရဲ့ တရားဝင်မှုကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်းနိုင်ငံလေး တဝန်းမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး၊ နောက်ဆုံးမှာ ဆန္ဒပြသူတွေက သမ္မတအိမ်တော်ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ မတူတာကတော့ သီရိလင်္ကာဟာ ကြီးမားတဲ့ အကြမ်းဖက်မှုတွေနဲ့ မရင်ဆိုင်ခဲ့ရပါဘူး။ ကာလရှည် လက်နက်ကိုင် ပဋိပက္ခဆိုတာ ဝေလာဝေးပါပဲ။ အဲဒီအစား သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ဆာဟာ လူထုဖိအားကို အလျှော့ပေးခဲ့ပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းကနေပဲ ရာထူးကနေ နုတ်ထွက်ပေးခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာတော့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းဖမ်းဆီးခံရပြီးနောက် ၂၀၂၃ ခုနှစ် မေလမှာ အဓိကရုဏ်းတွေ ပေါက်ကွဲလာခဲ့ပါတယ်။ ဒါဟာ စစ်တပ်ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်ဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ ခေါင်းဆောင်တယောက်ရဲ့ နောက်ကွယ်မှာ လူထုလှုပ်ရှားမှု တရပ် စုရုံးလာတာ ဖြစ်ပါတယ်။ ဒါကို အစိုးရက စစ်တပ်ချထားတာ၊ အင်တာနက် ဖြတ်တောက်တာနဲ့ အတိုက်အခံတွေရဲ့ တရားဝင် ပါတီဖွဲ့စည်းပုံတွေကို ဖျက်သိမ်းပစ်တာတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ စစ်တပ်နဲ့ အရပ်သား ပူးပေါင်းအုပ်ချုပ်တဲ့ စပ်ကြား အစိုးရစနစ်ကိုတော့ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်အနေနဲ့ နိုင်ငံရေးအရ အထီးကျန် ဖယ်ကြဉ်ခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ အုံကြွမှုကတော့ သေးငယ်တဲ့ မူဝါဒ အငြင်းပွားမှုတခုဟာ တော်လှန်ရေးတရပ်အဖြစ် ဘယ်လို ပြောင်းလဲသွားနိုင်သလဲ ဆိုတာကို ပြသနေပါတယ်။ ဒီဖြစ်စဉ်မှာ အစိုးရအလုပ်အကိုင်တွေအတွက် မျှတမှုမရှိတဲ့ ခွဲတမ်းစနစ်ကို ကျောင်းသားတွေက ကန့်ကွက်ရာကနေ တော်လှန်ရေး ဖြစ်လာတာပါ။ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့အခါ၊ ဟာဆီနာဟာ ညမထွက်ရအမိန့် ထုတ်ပြန်ဖို့ စစ်တပ်ကို စေလွှတ်ခဲ့ပါတယ်။ ညွှန်ကြားချက်ကို ချိုးဖောက်သူတွေကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ပစ်မိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ စစ်တပ်က အဲဒီအမိန့်ကို ငြင်းဆန်လိုက်တဲ့အခါ ဟာဆီနာရဲ့ အာဏာစက် ပြိုကျသွားပါတော့တယ်။ သူ နိုင်ငံကနေ ထွက်ပြေးခဲ့ရပြီး၊ ကြားဖြတ်အစိုးရတရပ် အာဏာရယူဖို့ လမ်းပွင့်သွားခဲ့ပါတယ်။
နီပေါနိုင်ငံမှာတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ဆန္ဒပြပွဲတွေဟာ ခေါင်းဆောင် တယောက်တည်းကို ပစ်မှတ်ထားတာ မဟုတ်ပါဘူး။ လူတစုက ကြီးစိုးချယ်လှယ်နေတဲ့ နိုင်ငံရေးလူတန်းစား တရပ်လုံးကို ပစ်မှတ်ထားတာပါ။ အဲဒီ နိုင်ငံရေး လူတန်းစားဟာ ဆယ်စုနှစ်တခုကြာအောင် ဝန်ကြီးချုပ်နေရာကို "ကုလားထိုင်လုတမ်း " ကစားသလို တလှည့်စီ ယူနေခဲ့ကြတာပါ။ အဲဒီအချိန်မှာ နီပေါ လူငယ်အများစုဟာ မြင့်မားလာတဲ့ အလုပ်လက်မဲ့ ပြဿနာတွေ၊ အခွင့်အလမ်း ကင်းမဲ့မှုတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ စိတ်ပျက်နေတဲ့ ဂျန်ဇီ (Gen Z) တွေအတွက်တော့ အစိုးရက အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ပိတ်ပင်လိုက်တာဟာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားစေတဲ့ နောက်ဆုံးအချက် ဖြစ်သွားပါတယ်။ VPN တွေနဲ့ တခြား အစားထိုး Apps တွေကို သုံးပြီး နီပေါလူငယ်တွေဟာ ကြီးမားတဲ့ ဆန္ဒပြပွဲကြီးကို စီစဉ်ခဲ့ကြပါတယ်။ အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆန္ဒပြသူတွေက ပြန်လည်ခုခံခဲ့ကြပါတယ်။ လွှတ်တော် မူဘောင်ကို မဖျက်ဆီးဘဲနဲ့ အုပ်ချုပ်သူတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။ အဲဒီနောက် နီပေါပြည်သူတွေဟာ အသက် ၃၅ နှစ်အရွယ် ဝန်ကြီးချုပ် တဦးကို ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။
နောက်ဆုံးအနေနဲ့ ဒီနွေရာသီမှာ အိန္ဒိယနိုင်ငံဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားရာကနေ စတင်ခဲ့တာပါ။ ပြီးတော့ အလုပ်အကိုင် မဖန်တီးနိုင်တဲ့ စီးပွားရေး တိုးတက်မှုအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာကလည်း ဒီလှုပ်ရှားမှုကို ပိုမို အားကောင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ခြိမ်းခြောက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအစား ဒီစနစ်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုသာ သက်သေပြနိုင်ခဲ့ပါတယ်။ အစိုးရက အရေးကြီးတဲ့ လိုက်လျောမှုတွေ လုပ်ပေးခဲ့လို့ပါ။ ပညာရေးဝန်ကြီးရဲ့ နုတ်ထွက်စာကို လက်ခံခဲ့သလို၊ အုပ်ချုပ်ရေးနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အဆိုပြုခဲ့ပါတယ်။ ဒါဟာ ဆန္ဒပြမှုရဲ့ အားအင်တွေကို တည်ဆောက်ပြီးသား ဒီမိုကရေစီလမ်းကြောင်းတွေဆီ ပြန်လည်လွှဲပြောင်းပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ် ခြောက်ခုက သက်သေပြနေတာကတော့ ချိတ်ဆက်မှု ရှိနေတဲ့ နည်းပညာနဲ့ စီးပွားရေး၊ နိုင်ငံရေးအရ အထီးကျန် ဖဲကြဉ်ခံရမှုတို့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်အစွမ်းထက်တဲ့ အင်အားတခု ဖြစ်လာတယ် ဆိုတာပါပဲ။ ဒစ်ဂျစ်တယ် နည်းပညာနဲ့ ကြီးပြင်းလာတဲ့ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ ဂျန်ဇီတွေဟာ တသီးပုဂ္ဂလ ကြီးစိုးနေတဲ့ ပါတီ ဖွဲ့စည်းပုံတွေကို ကျော်လွန်ဖို့ ကြိုးစားလာကြပါတယ်။ တခဲနက် လူထုစုရုံးမှုတွေကို စီစဉ်ဖို့ TikTok၊ WhatsApp နဲ့ Discord လို ပလက်ဖောင်းတွေကို အသုံးပြုလာကြပါတယ်။
ဒါပေမဲ့ ဒါတွေကသာ ဂျန်ဇီတွေရဲ့ ဆန္ဒပြမှုပုံစံမှာ ထူးခြားနေတာ မဟုတ်ပါဘူး။ အရင်မျိုးဆက်တွေနဲ့ မတူတာကတော့၊ ဒီကနေ့ ဆန္ဒပြသူတွေဟာ သူတို့မှာ "ဆုံးရှုံးစရာ ဘာမှမရှိတော့ဘူး" ဆိုတဲ့ ခံစားချက်နဲ့ လှုံ့ဆော်ခံထားရတာပါပဲ။ ဘာကြောင့်လဲဆိုတာ မြင်ဖို့မခက်ပါဘူး။ ပညာရေး အရည်အချင်းတွေ မြင့်မားပေမဲ့လည်း သူတို့ရဲ့ စီးပွားရေး အလားအလာတွေက အကြီးအကျယ် လျော့နည်းနေလို့ပါ။ ဒီကနေ့ လူငယ်တွေ မြင်နေတာက ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ အားနည်းချက်ရှိတဲ့ အဖွဲ့အစည်းတွေကို မဟုတ်ပါဘူး။ သူတို့ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနာဂတ်ကို လုယူနေတဲ့ အမြတ်ထုတ် ခေါင်းပုံဖြတ်တဲ့ စနစ်ကြီးတခုကို မြင်နေကြတာပါ။ ဒီအချက်က သူတို့ရဲ့ ဆန္ဒပြပွဲတွေကို နက်ရှိုင်းတဲ့ ခံစားချက်တွေ၊ အသက်ရှင် သန်ရေးအတွက် အရေးတကြီး လိုအပ်ချက်တွေနဲ့ ပြည့်နှက်နေစေပါတယ်။ ပြီးတော့ အစိုးရရဲ့ ဖြားယောင်းသွေးဆောင်မှုတွေကိုလည်း ခံနိုင်ရည် ရှိစေပါတယ်။ တဖြည်းဖြည်းချင်း လိုက်လျောမှုတွေ ပေးတာကို သူတို့ သဘောမကျပါဘူး။ အဖွဲ့အစည်းဆိုင်ရာ ဖိနှိပ်မှုတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။
ဒီဖြစ်စဉ် ခြောက်ခုမှာ တူညီချက်တွေ ရှိနေပေမဲ့၊ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံတွေက ဘယ်လောက် ကွာခြားမှု ရှိစေသလဲ ဆိုတာကိုလည်း အလေးပေး ဖော်ပြနေပါတယ်။ မြန်မာနဲ့ ပါကစ္စတန်တို့လို အာဏာကို စေ့စပ်ညှိနှိုင်းလို့ မရဘူးလို့ သဘောထားတဲ့ ပိတ်လှောင်ထားတဲ့ အစိုးရ စနစ်တွေမှာ၊ လူထုမကျေနပ်မှုတွေဟာ ရှောင်လွှဲလို့မရဘဲ နိုင်ငံရေး အကွဲကွဲအပြားပြား ဖြစ်မှု ဒါမှမဟုတ် နာတာရှည် မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဟာဆီနာရဲ့ ဘင်္ဂလားဒေ့ရှ်လို တင်းကျပ်တဲ့ အရပ်သား အာဏာရှင် စနစ်တွေမှာတော့၊ ဆန္ဒပြပွဲတွေဟာ ဖိနှိပ်ခံရတာ ဒါမှမဟုတ် တော်လှန်ရေး ဖြစ်သွားတာ နှစ်ခုထဲက တခုပါပဲ။ စစ်တပ်က အမိန့်ကို ငြင်းဆန်လိုက်တာလိုမျိုး အက်ကြောင်းလေးတခုက အဆောက်အအုံကြီးတခုလုံးကို ပြိုကျသွားစေတဲ့ အချိန်အထိ စနစ်ကြီးက မရွေ့မလျားဘဲ ရှိနေတတ်ပါတယ်။
ပြောင်းပြန်အားဖြင့်၊ နိုင်ငံရေး အကူးအပြောင်းတွေ ဒါမှမဟုတ် အုပ်ချုပ်ရေးပိုင်းက ပြေလည်အောင် ညှိနှိုင်းမှုတွေကို ခွင့်ပြုတဲ့ စနစ်တွေကတော့ မျိုးဆက်သစ်တွေရဲ့ ရိုက်ခတ်မှုတွေကို ရှင်သန် ကျော်ဖြတ်နိုင်ကြပါတယ်။ သီရိလင်္ကာဟာ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်နေရာချထားမှုကို ရရှိခဲ့ပါတယ်။ နီပေါကတော့ နိုင်ငံရေးကို အသစ်ပြန်လည် စတင်နိုင်ခဲ့ပြီး၊ အဲဒါက "ပြင်ပက" နိုင်ငံရေး အင်အားစုတွေအတွက် နေရာတခု ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယ အနေနဲ့ကတော့ ခိုင်မာတဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်တခုဟာ မကျေနပ်မှုတွေ၊ စနစ်တခုလုံးကို ထိခိုက်စေတဲ့ အကျပ်အတည်းကြီးအဖြစ် မကူးစက်ခင်မှာ ဘယ်လို နေရာပေး ဖြေရှင်းသလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေက အရေးကြီးတဲ့ သင်ခန်းစာ အများအပြားကို ပေးနေပါတယ်။ ပထမဆုံး အနေနဲ့ ခြုံငုံစုပေါင်းတဲ့ မက်ခရိုစီးပွားရေး တိုးတက်မှုကို ဂုဏ်ပြုနေပေမဲ့၊ လူငယ် အလုပ်လက်မဲ့ ပြဿနာနဲ့ စနစ်တကျ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုတွေကို လျစ်လျူရှုထားတာဟာ မတည်ငြိမ်မှုတွေ ဖြစ်လာဖို့ ဖန်တီးနေတာပါပဲ။ လူငယ်မျိုးဆက်တွေဟာ စီးပွားရေး အခွင့်အလမ်းဆိုတာ နိုင်ငံရေးအရ တာဝန်ခံမှုနဲ့ ခွဲခြားလို့ မရဘူးလို့ ရှုမြင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ အစောပိုင်းဖြစ်ဖြစ် နောက်ပိုင်းဖြစ်ဖြစ် အဲဒီနှစ်ခုစလုံးကို တောင်းဆိုလာကြမှာပါ။
ဒါ့အပြင် စစ်တပ်က လွှမ်းမိုးထားတဲ့ အုပ်ချုပ်ရေးဟာ ဒီလို အလွန်အမင်း ချိတ်ဆက်မှုရှိနေတဲ့ ခေတ်ကြီးနဲ့ လုံးဝ မကိုက်ညီပါဘူး။ နှိမ်နင်းမှုတွေနဲ့ အတင်းအကျပ် အကျပ်ကိုင်မှုတွေဟာ သဘောထားကွဲလွဲမှုတွေကို ယာယီတော့ ဖိနှိပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နိုင်ငံတော်ရဲ့ တရားဝင်မှုကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒါတွေကိုပဲ အားထားနေတာဟာ ကာလရှည်ကြာ ပြည်သူလူထု အုံကြွမှုတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ဖိတ်ခေါ်နေတာပါပဲ။
နောက်ဆုံးအနေနဲ့ စနစ်တကျ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို ဖျက်သိမ်းတာဟာ ပထမဆုံး ခြေလှမ်းသာ ဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျ ဖိအားတွေကို လျှော့ချပေးနိုင်တဲ့ လမ်းကြောင်းတွေနဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တဲ့ ယုံကြည်ရလောက်တဲ့ ယန္တရားတွေပါဝင်တဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းတွေ ရှိဖို့ကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယရဲ့ မကြာသေးခင်က အုံကြွမှုဟာ သူတို့ရဲ့ ဒီမိုကရေစီကို ထပ်လောင်း အတည်ပြုနိုင်ခဲ့တာပါ။ တဖက်မှာတော့ နီပေါ၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ အုံကြွမှုအပြီး မတည်ငြိမ်မှုတွေကို အတော်အတန် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်ခွဲက ဖြစ်ပွားခဲ့တဲ့ အာရပ်နွေဦးတော်လှန်ရေးတွေဟာ နောက်ဆုံးမှာတော့ စစ်တပ်ရဲ့ တန်ပြန် တော်လှန်ရေး၊ အာဏာရှင်စနစ် ပြန်လည် ခေါင်းထောင်လာမှု၊ ဒါမှမဟုတ် အဖွဲ့အစည်းဆိုင်ရာ ရပ်တန့်သွားမှုတွေနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီ အမွေအနှစ်တွေ မရှိတာ ဒါမှမဟုတ် အားနည်းတာ၊ ပြီးတော့ သဘောတရားရေးရာတွေကို တဘက်သတ် သိမ်းပိုက်သွားတာတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်အာရှ လူ့အဖွဲ့အစည်း အများအပြားမှာတော့ နက်ရှိုင်းတဲ့ လွှတ်တော် အစဉ်အလာတွေ၊ တက်ကြွတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အလုပ်ဖြစ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ယန္တရားတွေ ရှိနေကြပါတယ်။
တကယ်လို့ တောင်အာရှနိုင်ငံတွေအနေနဲ့ လူငယ်တွေရဲ့ တက်ကြွတဲ့ စွမ်းအင်တွေကို အသုံးချပြီး ထိရောက်မှုရှိတဲ့၊ တုံ့ပြန်မှုရှိတဲ့ အုပ်ချုပ်ရေးနဲ့ အလုပ်အကိုင် ဖန်တီးပေးနိုင်မဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်ဆိုရင်၊ သူတို့ဟာ ပိုမိုတောက်ပပြီး၊ ပိုမို ကြံ့ကြံ့ခံနိုင်စွမ်းရှိတဲ့၊ ပြီးတော့ ပိုမို သာယာဝပြောတဲ့ အနာဂတ်ဆီ ဦးတည်တဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိသွားမှာပါ။ ပြီးတော့ သူတို့ဟာ ကမ္ဘာ့တောင်ခြမ်း နိုင်ငံတွေအတွက် လူဦးရေ အင်အားနဲ့ ဒီမိုကရေစီ တာဝန်ခံမှုတို့ကို ဘယ်လို ဟန်ချက်ညီအောင် လုပ်နိုင်သလဲဆိုတဲ့ စံပြမော်ဒယ်တခု ဖြစ်လာပါလိမ့်မယ်။
ရှာရှီသာရူး
Ref: Pearls and Irritations
စာရေးသူ ရှာရှီသာရူးသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်း၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးရာ နိုင်ငံတော်ဝန်ကြီးဟောင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်ဝန်ကြီးဟောင်းတဦး ဖြစ်ပါသည်။ လက်ရှိတွင် အိန္ဒိယအမျိုးသားကွန်ဂရက် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်ပြီး နိုင်ငံခြားရေးရာ လွှတ်တော် အမြဲတမ်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါသည်။)











