
ကျားဖြန့်ပုံစံနဲ့ ငွေလိမ်တဲ့သူတွေက အသေးစား အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေဆီ ဦးတည် ကာ ငွေကြေးနဲ့ ကုန်ပစ္စည်း လိမ်လည်မှုတွေ လုပ်လာတာရှိကြောင်း စုံစမ်းသိရပါတယ်၊
ပုံစံမျိုးစုံနဲ့ အလွှာပေါင်းစုံက ပြည်သူတွေကို ငွေလိမ်ဖို့ကြိုးစားနေကြတဲ့ကျားဖြန့်ငွေလိမ်ဂိုဏ်းလိုမျိုး လိမ်လည်နည်းအမျိုးမျိုးနဲ့ SMEs အသေးအစားအလတ်စားလုပ်ငန်းရှင်တွေဆီကို ငွေကြေးနဲ့ ကုန်ပစ္စည်းတွေ လိမ်နေတာမျိုးရှိတယ်လို့ ကာယကံရှင်တွေဆီကနေ စုံစမ်းသိရပါတယ်၊
ပြီးခဲ့တဲ့ မတ်လထဲမှာ စားသုံးဆီလက်ကားအရောင်း ကုန်သည်တယောက်ဆီကနေ စားသုံးဆီ ပုံမှန် ဝယ်ယူ နေရာကနေ နောက်ဆုံးအခေါက်မှာတော့ ငွေမပေးတာကြောင့် သက်ဆိုင်ရာကို တိုင်ကြားတဲ့ အခါမှာတော့ ကြားကနေ ကုန်စုံဆိုင်ပိုင်ရှင် ပုံမှန်ဖောက်သည်အဖြစ်လိမ်လည်ကာ စားသုံးဆီ သိန်း ၉၀၀ ကျော်ဖိုး လိမ်ယူသွားကြောင်း ဆီကုန်သည်ရဲ့ မိတ်ဆွေတယောက်က ပြန်ပြောပြပါတယ်၊
ဆီကုန်သည်နဲ့ နီးစပ်သူက “ကျားဖြန့်တွေကလေ အခု စီးပွားရေးသမားဘက်တွေ လှည့်လာတယ်။ သူက မြဝတီတို့ ဘာတို့ပေါ့နော်၊ ကျိုင်းတုံဘက်ကနေ ကုန်စုံဆိုင်ပုံစံမျိုးနဲ့ ပစ္စည်းမှာတာ။ မှာတာကို သူက ဆက်တိုက် ၂လလောက်ကို မှာတာ တခါမှာရင် သိန်း ၁၀၀ လောက်မှာတယ်၊ နောက်တခါ သိန်း ၂၀၀ လောက်မှာတယ်ပေါ့နော်။ အဲ့ဒီမှာ သူက သုံးလေးကြိမ်လောက်ကို ဆက်တိုက်ကို မှန်ခဲ့တာ။ မှန်ခဲ့ပြီးတော့ ပုံတွေ၊ လိပ်စာတွေ ဘာတွေကလည်း အဲ့ဒီ တကယ့်ကုန်စုံဆိုင် အကြီးကြီး ဖြစ်နေတာပေါ့နော်။ ဆိုတော့ ဒီတခေါက် နောက်ဆုံးမှာ ၁၈၀၀ ဖိုးမှာတာကို ၅၀ ရာခိုင်နှုန်း အရင်လွှဲ တယ်ဆိုပြီးတော့ ၉၀၀ လွှဲပြီးတော့ နောက်ထပ် ၉၀၀ ကို လုံးဝ မလွှဲတော့ဘူး။ အခု ရဲစခန်းတွေ ဘာတွေ တိုင်ပြီး စုံစမ်းကြည့်တော့ ကျားဖြန့်လိုမျိုး ဖြစ်နေတာ”လို့ ပြောပါတယ်။
အခုလို လိမ်လည်ခံရတဲ့ ဆီကုန်သည်ဟာ ရန်ကုန်မှာ နာမည်ရ စားသုံး ဆီအမှတ်တံဆိပ် ရောင်းချနေ သူ တယောက်ဖြစ်ပြီး ဆက်သွယ်ဖို့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေဟာ အလွယ်တကူ ရှာဖွေနိုင်တာကြောင့် အခုလို လိမ်လည်ခံရတာလို့ သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်လည်း အသေးစားအလတ်စားကုန်သွယ်ရေးလုပ်ကိုင်နေတဲ့ ကုန်သည်တွေဆီကို အကြိမ်ကြိမ် ကြိုးစားဆက်သွယ်လာတဲ့ကျားဖြန့်လို ငွေလိမ်တဲ့သူတွေရှိ နေကြောင်း မူဆယ်မြို့က ကုန်သည်တယောက်က ပြောပြပါတယ်၊
“ကျနော့်အသိတယောက် သူ့လုပ်ငန်းကို ကြော်ငြာတခုထဲမှာ သူ့ဖုန်းနံပါတ်၊ ဗိုက်ဘာနံပါတ် အဲဒီလိုမျိုး ပေးလိုက်တာကို။ အဲ့ဒီနောက် တလနှစ်လလောက် အတောအတွင်းမှာပဲ အယောက် ၂၀ လောက် လာပြီးမှာသလိုမျိုး လိမ်ဖို့ကြိုးစားတာတွေရှိတယ်။ ဒါက လူလိမ်တွေတော်တော်များများ အဲ့လိုလိမ်ကြတာတွေ ရှိတယ်။ သာမန် လူမှုအဖွဲ့အစည်းတွေမှာကော အဲ့လို လိမ်စားတဲ့ဟာတွေ သီးသန့်ရှိနေတာလေ၊ နောက် ရောင်းတဲ့ထဲမှာလည်း လိမ်ရောင်း တဲ့ဟာ ရှိတာပေါ့ ၊ အဲ့လိုမျိုးတော့ ရှိနေတယ်။ အခု ကျားဖြန့်လာတဲ့ ပုံစံကကျတော့ ကြော်ငြာတယ်၊ ကြော်ငြာတဲ့ထဲမှာ ဆိုရှယ်မီဒီယာမှာ ဖုန်းနံပါတ်၊ contact တွေ ပါလာတယ်။ WeChat လိုဟာမျိုး၊ နောက်တခု Telegram၊ Signal၊ Viber အဲ့လိုမျိုးတွေကို လာပြီးတော့ ပို့တာ သူတို့က။ အဲ့ဒါ ကိုယ့်လုပ်ငန်းနဲ့ ဆက်သွယ်တဲ့ဟာ မဟုတ်ဘူး၊ ကျန်တဲ့ဟာနဲ့ဆက်သွယ်လိမ်ဖို့ကြိုးစားတာပေါ့နော်။ ဒါမျိုး က သူတို့လိမ်နည်း၊ ကျားဖြန့်လိမ်နည်းပေါ့။”
လက်ရှိမှာတော့ ကျားဖြန့်လို့ခေါ်တဲ့ငွေလိမ်ဂိုဏ်းတွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေတတ်ပြီး SMEs လုပ်ငန်းရှင်တွေဆီကိုတော့ ကုန်ပစ္စည်းရောင်းချသူ၊ ဝယ်ယူသူပုံစံမျိုးဟန်ဆောင်ချဉ်းကပ်ကာ ကုန်ပစ္စည်းနဲ့ ငွေကြေးလိမ်လည်ဖို့ကြိုးစားနေတာဖြစ်ပါတယ်၊
ဒါ့အပြင် လိမ်လည်သူတွေက ဖုန်းနံပါတ် ဒါမှမဟုတ် ဆက်သွယ်ရေး ကွန်ရက်တခုခုကနေ ရင်းနှီးမြုပ်နှံဖို့ စည်းရုံးနေတာမျိုးတွေ လည်းရှိနေပါတယ်။
ဝေဝေ










