DVB Logo
Home
မြန်မာသတင်း
အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် မြန်မာစစ်တပ်ကို ပါဝင်ခွင့်ပေးသည့်အပေါ် ဝေဖန်
DVB
·
December 13, 2021
အာဆီယံ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် မြန်မာစစ်တပ်ကို ပါဝင်ခွင့်ပေးသည့်အပေါ် ဝေဖန်
Donate to DVB

အင်ဒိုနီးရှားနဲ့ အာဆီယံဟာ ရေတပ်စစ်ရေးလေ့ကျင့်တာမှာ  မြန်မာစစ်တပ်ကို ပါဝင်စေပြီး နိုင်ငံတကာ အသိအမှတ်ပြုတာလိုအပ်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကို တရားဝင်အောင် လုပ်ပေးနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ပထမဆုံးအကြိမ် အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်တာကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က လက်ခံကျင်းပခဲ့ပြီး မြန်မာ ရေတပ်ဗိုလ်မှူးချုပ် ဇော်ဇော်လတ် ကွပ်ကဲတဲ့ ကျန်စစ်သားစစ်ရေယာဉ်လည်း ပါဝင်ခဲ့ပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးခံရတာမရှိဘဲ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးတာပဲ ဖြစ်တယ်လို့ Justice For Myanmar  က ဝေဖန်ထားပါတယ်။

စစ်ကောင်စီမီဒီယာ ထုတ်ပြန်ချက်အရ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ ပူးတွဲစစ်နည်းဗျူဟာဆိုင်ရာ လှုပ်ရှား ဆောင်ရွက်တာ၊ အချက်ပြဆက်သွယ်ခြင်းသင်တန်း၊ ဆက်သွယ်ရေးဆိုင်ရာတွေနဲ့ သံသယဖြစ်ဖွယ် ရေယာဉ်တွေကို ကြားဖြတ်ထောက်လှမ်းတာတွေ ပါဝင်လို့ ဒါတွေက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာ့ရေတပ်ကို တိုက်ရိုက်ပံ့ပိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ရေတပ်သည် ၂၀၁၇ ခုနှစ်၊ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆင်ရေးမှာ တစိတ်တပိုင်း ပါဝင်ခဲ့ပြီး ရိုဟင်ဂျာလူမျိုးတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ ခြေမြန်တပ်သားတွေကို ရေတပ်စက်လှေတွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ပို့ပေးခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း အထောက်အပံ့ပစ္စည်းတွေ သယ်ဖို့ ကြက်ခြေနီက ငှားခဲ့တဲ့ လှေတစီးကိုလည်း ရေတပ်က တိုက်ခိုက်တာကြောင့် လူတယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာလှေတွေကို ကြားဖြတ်ဖမ်းဆီးတာ၊ လှေပေါ်မှာ ပါလာသူတွေကို ဥပဒေမဲ့ဖမ်းဆီးတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုလည်း ရေတပ်က ကျူးလွန်ခဲ့ပြီး မကြာသေးခင်ကလည်း ဖိနိုပ်ညှဉ်းပန်းတာတွေက လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ ကလေး ၃၃ ယောက်ပါတဲ့ ရိုဟင်ဂျာ ၂၂၈ ယောက်ကို ရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရေတပ် စစ်ရေးလေ့ကျင့်တာကို မလက္ကာရေလက်ကြားမှာ ကျင်းပခဲ့ပြီး ရုရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာစစ်ကောင်စီတို့အပြင် ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကလည်း ပါဝင်ခဲ့ကြတာပါ။

အာဆီယံ-ရုရှား ရေတပ်စစ်ရေးလေ့ကျင့်မှုဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံတို့ရဲ့ မြန်မာစစ်တပ်နဲ့ ကြံရာပါပတ်သက်မှုမှာ နက်ရှိုင်းတဲ့ အဆင့်တခုကို ပြနေပြီး ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားနိုင်ငံမှာ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် ပါဝင်တက်ရောက်ခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဖော်ဆောင်ဖို့ အာဆီယံရဲ့ စိတ်ဆန္ဒအပေါ် မေးခွန်းထုတ်ရမယ်လို့ ဆိုပါတယ်။

ဘုံသဘောတူညီချက်ငါးရပ်ရဲ့ ပထမအချက်ဟာ “မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ရေး” ဖြစ်ပြီး စစ်ကောင်စီက ဒါကို လျစ်လျူရှုထားတဲ့အပြင် ဧပြီလကစလို့ သတ်ဖြတ်တာတွေ၊ လူအုပ်စုလိုက် ဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တွေ၊ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာ၊ ဗုံးကြဲတာတွေနဲ့ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုးမြှင့် လုပ်ဆောင်လာခဲ့တာကြောင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်နေတဲ့ အခုလိုအခြေအနေမှာ အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံတို့အနေနဲ့ မြန်မာ့ရေတပ်ကို တိုက်ရိုက်ပံ့ပိုးဖို့ သင့်တော်တယ်လို့ မြင်တာက စိတ်ပျက် ဝမ်းနည်းဖို့ ကောင်းတယ်လို့လည်း ဆိုပါတယ်။

အာဆီယံအနေဲ့ တရားမဝင်စစ်ကောင်စီကို အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားတွေ အားလုံးက ဖယ်ရှားဖို့၊ မြန်မာနိုင်ငံရဲ့ တရားဝင် ဒီမိုကရေစီအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့လည်း Justice For Myanmar က တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း အာဆီယံရဲ့နောက်မှာ ပုန်းကွယ်နေတာကို ရပ်တန့်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကတဆင့် ပစ်မှတ်ထား အရေးယူပိတ်ဆို့တာတွေ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တာ၊ မြန်မာစစ်တပ် ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးဆီ လွှဲပြောင်းတာတို့အတွက် ပြတ်သားတဲ့ အရေးယူဆောင်ရွက်တာတွေ ချမှတ်ရမဲ့ အချိန်ဖြစ်တယ် လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013