DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်ရေး ကြန့်ကြာမှုကြောင့် သစ်သီးအရည်အသွေးကျဆင်းပြီး မြန်မာ့ဖရဲ ဈေးမရ
DVB
·
December 12, 2021
ကုန်သွယ်ရေး ကြန့်ကြာမှုကြောင့် သစ်သီးအရည်အသွေးကျဆင်းပြီး မြန်မာ့ဖရဲ ဈေးမရ
Donate to DVB

လက်ရှိ မူဆယ် သစ်သီး၀လံစျေးကွက်ရဲ့ အနေအထားက တရုတ်နိုင်ငံရဲ့ အကောက်ခွန်စနစ် ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး စည်းမျဥ်းစည်းကမ်းတွေ၊ ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့် လည်ပတ်မှု အားနည်းနေပါတယ်။

ပုံမှန်အနေအထားမှာ တစ်ရက်ကို ဖရဲ၊ သခွား အစီးရေ ၅၀၀ ၀န်းကျင် တရုတ်စျေးကွက် ကို တင်ပို့ လေ့ရှိပေမဲ့ အခုနှစ် လက်ရှိအနေအထားမှာတော့ တစ်ရက်ကို ၅ စီးခန့်သာ တင်ပို့နိုင်တယ်လို့ မူဆယ် အခြေစိုက်ကုန်သည်တွေဆီက သိရပါတယ်။

သစ်သီး၀လံ ကုန်သည်တစ်ဦးက “လက်ရှိ အနေအထားက ကုန်သွယ်မှုက နှေးနေတယ်။ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးစည်းမျဥ်းတွေက အရမ်းများတယ်။ ပြီးတော့ အကောက်ခွန်ကိစ္စတွေကြောင့် ကြန့်ကြာတယ်။ အဲဒီလို ကြန့်ကြာတော့ တင်ပို့ထားတဲ့ ဖရဲကားတွေတောင် ခုချိန်ထိ ရောင်းကွင်းကို အကုန်မရောက်သေးဘူး”လို့ ပြောပါတယ်။

အခုလို ကုန်သွယ်ရေး ကြန့်ကြာမှုတွေ ရှိနေပေမဲ့လည်း မူဆယ် ၁၀၅ မိုင်မှာ တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့ စောင့်ဆိုင်းနေတဲ့ ဖရဲကားအစီးရေ ၂၀၀ နီးပါးထိ ရှိနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဘက်က သူတို့ လက်ရှိချမှတ်ထားတဲ့ ကုန်သွယ်ရေး စည်းမျဥ်းစည်းကမ်းအချို့ကို ဖြေလျှော့ပေးမှသာ ကုန်သွယ်မှု ပြန်လည်မြန်ဆန်လာနိုင်မယ်လို့ သစ်သီးပွဲရုံနဲ့ ကုန်သည်တွေက မှတ်ချက်ပြုပါတယ်။ 

“အခုအနေအထားအရဆိုရင် ဖရဲတင်ပို့မှုက တရုတ်ဘက်က ကုန်သွယ်မှု မြန်ဆန်လာအောင် ဖြေလျှော့သင့်တာ ဖြေလျှော့ပေးမယ်ဆိုရင်၊ မတင်းကျပ်ဘူး ဆိုရင်ပေါ့။ အဲဒီအပေါ်မှာ မူတည်နေတယ်” လို့ သစ်သီးပွဲရုံ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ကိုဗစ်ရောဂါကြောင့် လအတန်ကြာ ပိတ်ထားတဲ့  နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ကွန်တိန်နာ ရှန်တိန်စနစ်နဲ့ ပြန်လည်စမ်းသပ်ဖွင့်လှစ်လိုက်ပေမဲ့ တရုတ်နိုင်ငံဘက်က ချမှတ်တဲ့ လုပ်ငန်းစဉ် အဆင့်တွေ များလွန်းတာကြောင့် လမ်းခရီးကြန့်ကြာမူတွေ ဖြစ်ပေါ်ပြီး တောင်သူနဲ့ ကုန်သည်တွေ အခက်ကြုံနေရတာပါ။  

အခုနှစ်က တရုတ်စျေးကွက် မရေရာတာကြောင့်  ပြည်တွင်းမှာ ဖရဲစိုက်ပျိုးမှုကို လျှော့ချခဲ့ကြပြီး တရုတ်စျေးကွက် တင်ပို့တဲ့ ပမာဏလည်း နည်းနေတာကြောင့် စျေးကောင်းရရှိနိုင်တဲ့ အနေအထား ဆိုပေမဲ့ တင်ပို့မှု အချိန်ကြန့်ကြာတာနဲ့အမျှ သစ်သီးအရည်အသွေး ကျဆင်းနေတာကြောင့် ဈေးရသင့်သလောက် မရဘူးလို့ သိရပါတယ်။

“စျေးကွက်ကိုတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ တင်ပို့မှုပိုင်းမှာ လမ်းခရီးကြန့်ကြာပြီး၊ အခက်အခဲမျိုးစုံဆိုတော့  စျေးကွက်ကို သစ်သီး လတ်လတ်ဆတ်ဆတ် မရောက်တဲ့အတွက် ဒီနှစ်က ဈေးသင့်တာလောက် မရဘူး။ ဆုံးရူံးမှုပိုများတာပေါ့” လို့ သစ်သီးကုန်သည်တစ်ဦးက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ ဖရဲသီးတွေကိုသာ သူ့နိုင်ငံအတွင်း တင်ပို့ခွင့်ပြုထားတာ ဖြစ်ပါတယ်။ သူတို့ချမှတ်ထားတဲ့ ကုန်သွယ်ရေးမှု၀ါဒအရ သစ်သီး၀လံ တင်ပို့ရာမှာ ရှန်တိန် အဆင့်ဆင့်အပြင် ပိုးသတ်ဆေးဖျန်းပြီး မြန်မာဘက်ခြမ်းမှာ ၄၈ နာရီ၊ တရုတ်နိုင်ငံဘက်ခြမ်းမှာ  ၂၄ နာရီ ထားရှိပြီးမှ  ရောင်းကွင်းကို ၀င်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အခုနှစ်က သွင်းအားစုစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် တောင်သူတွေ စိုက်ပျိုးစရိတ် ပိုကုန်ကျမှုရှိပြီး တရုတ်နိုင်ငံက ပြောင်းလဲလိုက်တဲ့ ကုန်သွယ်ရေးစနစ်သစ်ကြောင့်လည်း  တင်ပို့စရိတ်ကို ပိုကုန်ကျစေခဲ့ပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံဟာ အကောက်ခွန်စနစ်ကိုလည်း ပြောင်းလဲဖို့ စီစဥ်နေပြီး၊ လက်ရှိမှာတော့ နှစ်ဘက် ညှိနှိုင်းဆဲအဆင့်သာ ရှိသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013